ပြီးခဲ့တဲ့ ယူရို-၂၀၂ဝပြိုင်ပွဲမှာ ယူရိုချန်ပီယံ ဖြစ်ခဲ့ရတဲ့ အီတလီလက်ရွေးစင်အသင်းနဲ့အတူ အထူးခြေစွမ်း ပြသနိုင်ခဲ့တဲ့ တောင်ပံတိုက်စစ်ကစားသမား ဖရတ်ဒရစ်ကိုခီယေဇာကို လတ်တလောမှာ ဘိုင်ယန်မြူးနစ် ချယ်လ်ဆီးအသင်းတွေလို ဥရောပရဲ့ ထိပ်တန်းကလပ်အသင်းကြီးတွေများစွာက ခေါ်ယူသွားဖို့ စိတ်ဝင်စားနေကြတဲ့အပြင် ပရီးမီးယားလိဂ်ရဲ့ လက်ရှိချန်ပီယံ မန်စီးတီးအသင်းကပါ ခီယေဇာကို စိတ်ဝင်စားနေတယ်လို့ အီတလီမီဒီယာ Calcio Mercato ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Goal

အသက်(၂၃)နှစ်အရွှယ်ရှိ ယူရိုချန်ပီယံ ခီယေဇာဟာ ဖီအိုရင်တီးနားလူငယ်အသင်းကနေ ကစားသမားဘဝကို စတင်ခဲ့တာဖြစ်ပြီး လူငယ်အသင်းမှာ ဆယ်နှစ်နီးပါးလောက် ပါဝင်ကစားအပြီး ၂၀၁၆ခုနှစ်မှာပဲ ဖီအိုရင်တီးနား စီနီယာအသင်းကြီးမှာ ကစားခွင့်ရလာခဲ့ပါတယ်။ စီနီယာအသင်းအတွက် ပွဲထွက်ကစားခွင့် ရရှိခဲ့ပြီးနောက်ပိုင်း ခြေစွမ်းကောင်းတွေ ပြသလာနိုင်ခဲ့တဲ့ ခီယေဇာကို အီတလီလက်ရွေးစင်အသင်းကနေပါ ရွေးချယ်ခဲ့သလို စီးရီးအေကလပ်အသင်းတွေ အပါအဝင် ပြည်ပထိပ်တန်း ကလပ်အသင်းတွေကနေလည်း ပစ်မှတ်ထားလာခဲ့ပါတယ်။ အဲ့ဒီအချိန်မှာပဲ အခြားအသင်းတွေထက် ဂျုဗင်တပ်စ်အသင်းက လက်ဦးမှု ရယူနိုင်ခဲ့ပြီး ခီယေဇာကို အရခေါ်ယူနိုင်ခဲ့ပါတယ်။

Photo Credit : Marca

လက်ရှိအချိန်မှာ ယူရိုသန်း(၇၀)လောက်အထိကို တန်ကြေးရှိနေတဲ့ ခီယေဇာကို ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းကပဲ ချယ်လ်ဆီးအသင်းကနေ ယူရိုသန်း(၁၀၀)နဲ့ ကမ်းလှမ်းမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဂျာမန်နာမည်ကျော် သတင်းထောက်တစ်ဦးက ဖော်ပြထားခဲ့ပါတယ်။ လက်ရှိမှာတော့ ခီယေဇာကို ချယ်လ်ဆီးအသင်းနဲ့အပြိုင် သူတို့ရဲ့ ပရီးမီးယားလိဂ် ပြိုင်ဘက်အသင်းဖြစ်တဲ့ မန်စီးတီးအသင်းကပါ စိတ်ဝင်စားလာခဲ့ပြီး အသင်းရဲ့ တိုက်စစ်ပိုင်းကို အပြောင်းအလဲ လုပ်ဆောင်ရာမှာ ခီယေဇာလို လျင်မြန်ပြီး လုပ်အားနှုန်းကောင်းတဲ့ တောင်ပံကစားသမားတစ်ဦးကို အလိုရှိနေတာဖြစ်ပါတယ်။ ဒါပေမယ့် ဂျုဗင်တပ်စ်အသင်းက ခီယေဇာကို ဖီအိုရင်တီးနားအသင်းကနေ (၂)ရာသီအငှား+ယူရိုသန်း(၄၀)နဲ့ အပြီးသတ်ခေါ်ယူခွင့်တို့နဲ့ ခေါ်ယူထားခဲ့တာဖြစ်ပြီး အသင်းအတွက်လည်း အရေးပါတဲ့ ကစားသမားတစ်ဦး ဖြစ်နေတာကြောင့် မြင့်မားတဲ့ ကမ်းလှမ်းမှုတွေနဲ့ ကမ်းလှမ်းလာခဲ့မယ်ဆိုရင်တောင် ပယ်ချသွားဖွယ်သာ ရှိနေပါတယ်။ ခီယေဇာဟာ မနှစ်က ဘောလုံးရာသီအတွင်း ဂျုဗင်တပ်စ်အသင်းအတွက် ပြိုင်ပွဲစုံမှာ (၁၅)ဂိုး သွင်းယူနိုင်ခဲ့ပြီး (၁၁)ဂိုးအထိ ဖန်တီးနိုင်ခဲ့သလို အသင်းနဲ့လည်း ကိုပါအီတလီယာဖလား အီတလီစူပါဖလားတွေကိုပါ ဆွတ်ခူးပိုင်ဆိုင်နိုင်ခဲ့ပါတယ်။