ပရီးမီးယားလိဂ် အင်အားကြီးအသင်း ဖြစ်တဲ့ မန်ချက်စတာ စီးတီးအသင်း ကတော့ သူတို့အသင်းရဲ့ အသင်းခေါင်းဆောင် ဖြစ်သူ ဘရာဇီးလ် ကွင်းလယ်ခံစစ် ကစားသမား ဖာနန်ဒင်ညိုကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ နီးစပ်နေပြီ ဖြစ်ကြောင်း အင်္ဂလန် နာမည်ကြီး သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။ အသက် ၃၆နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် ဖာနန်ဒင်ညိုဟာ ၂၀၁၃ခုနှစ်မှာ ယူကရိန်းကလပ် ရှက်တာဒိုးနက်အသင်း ကနေ မန်ချက်စတာ စီးတီးအသင်းထံ ပြောင်းရွှေ့လာသူ ဖြစ်ပြီး အသင်းမှာ ၈နှစ်ကြာ ကစားပြီးချိန်မှာ ကားလင်းဖလား ၆ကြိမ် ၊ ပရီးမီးယားလိဂ်ဖလား ၄ကြိမ် ၊ အက်ဖ်အေဖလား ၁ကြိမ် ၊ ကွန်မြူနတီဒိုင်း ၂ကြိမ်တို့ကို ရယူနိုင်ခဲ့တဲ့ ကစားသမားပဲ ဖြစ်ပါတယ်။

Photo Credit: Express

ဖာနန်ဒင်ညိုဟာ ကစားသမားဘဝ နောက်ဆုံးအချိန်ကို ရောက်ရှိနေသလို ယခုနှစ် ဘောလုံးရာသီ အကုန်မှာ မန်ချက်စတာ စီးတီးအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ကစားသမားတဦး ဖြစ်ပေမယ့် မန်ချက်စတာ စီးတီးအသင်းရဲ့ နည်းပြ ဂွာဒီယိုလာဟာ ဖာနန်ဒင်ညိုရဲ့ ခြေစွမ်းပိုင်းကို သဘောကျနေဆဲ ဖြစ်ကာ ဖာနန်ဒင်ညိုဟာ အသင်းရဲ့ အဝတ်လဲခန်းထဲမှာ ဩဇာရှိတဲ့ ကစားသမား ဖြစ်တာကြောင့် အင်္ဂလန်မှာ နောက်ထပ် ၁နှစ် ထပ်ရှိနေဖို့ အခွင့်အရေး ရခဲ့တာ ဖြစ်ကြောင်း မန်ချက်စတာ စီးတီးအသင်းနဲ့ နီးစပ်သူတွေက ဆိုပါတယ်။ နာမည်ကြီး သတင်းဌာနတခု ဖြစ်တဲ့ The Times သတင်းဌာနရဲ့ ဖော်ပြချက်အရ ဖာနန်ဒင်ညိုဟာ မန်ချက်စတာ စီးတီးအသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ နီးစပ်နေပြီး စာချုပ်သစ်ဟာ ၁နှစ်သက်တမ်း ရှိမှာ ဖြစ်ကြောင်း သိရပါတယ်။

Photo Credit: Express

ဖာနန်ဒင်ညိုဟာ လက်ရှိ ဘောလုံးရာသီမှာ မန်ချက်စတာ စီးတီးအသင်း အတွက် ပြိုင်ပွဲစုံမှာ ၃၇ပွဲ အထိ ပါဝင် ကစားပေးထားသလို သွင်းဂိုး ၁ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၂ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပြီး အသင်းရဲ့ မရှိမဖြစ် ကစားသမားတဦး အဖြစ် ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ အီတလီ စီးရီးအေရဲ့ ထိပ်သီးအသင်း တချို့က ဖာနန်ဒင်ညိုကို ခေါ်ယူဖို့ ချဉ်းကပ်ခဲ့ကြပေမယ့် ဖာနန်ဒင်ညိုဟာ မန်ချက်စတာ စီးတီးအသင်းမှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ကြောင်း အင်္ဂလန် နာမည်ကြီး သတင်းထောက်တွေက ဆိုပါတယ်။ ဖာနန်ဒင်ညိုဟာ မန်ချက်စတာ စီးတီးအသင်းရဲ့ အအောင်မြင်ဆုံး ကာလတွေမှာ အသင်းရဲ့ အဓိက ကစားသမားတဦး အဖြစ် အသုံးတော်ခံခဲ့တာကြောင့် မန်ချက်စတာ စီးတီးအသင်းမှာ နောက်ထပ် ၁နှစ် ထပ်ရှိနေတာဟာ သူ့အတွက်ရော မန်ချက်စတာ စီးတီးအသင်း အတွက်ပါ ကောင်းမွန်တဲ့ အရာတခု ဖြစ်ကြောင်း သုံးသပ်လိုက်ပါရစေ။

The post အသင်းခေါင်းဆောင် ဖာနန်ဒင်ညိုကို စာချုပ်သက်တမ်း တိုးနိုင်တော့မယ့် မန်စီးတီး appeared first on MySport Myanmar.