အင်္ဂလန် ပရီးမီးယားလိဂ် အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ချက်စတာစီးတီး အသင်း ဟာ ဘာစီလိုနာ အသင်း ရဲ့ ကြယ်ပွင့်တိုက်စစ်မှူးဖြစ်သူ လီယွန်နယ် မက်ဆီကို ခေါ်ယူဖို့ရာ အတွက် အခုချိန်ထိအောင် စိတ်ဝင်စားလျက် ရှိနေပြီး လက်မှတ်ထိုး ခေါ်ယူနိုင်ချေ ရှိမရှိအပေါ် စောင့်ကြည့်နေဆဲ ဖြစ်တာကြောင့် အသင်းရဲ့ အဓိက ကွင်းလယ်လူ ကယ်ဗင် ဒီဘရိုင်း ကို အခုလက်ရှိ ရရှိနေတဲ့ လစာထက် လျော့နည်းတဲ့ လစာ ပမာဏ တစ်မျိုးမျိုးနဲ့ ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။ သတင်းအချက်အလက်တွေ အရတော့ ဒီဘရိုင်းအနေနဲ့ အသင်းမှာ ဆက်ရှိနေအုန်းမှာ ဖြစ်ပေမယ့်လည်း မန်စီးတီး ရဲ့ ပထမဆုံးကမ်းလှမ်းတဲ့ စာချုပ်သက်တမ်းကိစ္စ နဲ့ ပတ်သက်ပြီး မကျေနပ်တာကြောင့် မကြာသေးခင်ကမှ အသင်းရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ကြောင်း သိရပါတယ်။

Photo Credit: Daily Mail

မန်ချက်စတာစီးတီး အသင်းရဲ့ အားကစား သတင်းထောက်ဖြစ်သူ ဆန်လီး ကတော့ မန်စီးတီး အသင်း အနေနဲ့ မက်ဆီရဲ့ ကြီးမားတဲ့ ပြောင်းရွှေ့ကြေး အတွက် ရန်ပုံငွေ ရရှိဖို့ အတွက် ဒီဘရိုင်းကို အခု လက်ရှိ ရရှိနေတဲ့ လစာပမာဏထက် ပိုနည်းတဲ့ ပမာဏတစ်ခုခု နဲ့ ငါးနှစ်သက်တမ်း စာချုပ်ကမ်းလှမ်းခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီဘရိုင်း အနေနဲ့ မန်ချက်စတာစီးတီး အသင်းမှာ ၂၀၂၃ မတိုင်ခင်အထိ ရှိနေအုန်းမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခုလို အသင်းမှာ အရေးပါတဲ့ ကစားသမားတစ်ဦး အပေါ် ကမ်းလှမ်းတဲ့ လစာ ပမာဏဟာ စိတ်ပျက်စရာ ကောင်းတယ်လို့ ဆိုရပါမယ်။ အသင်းနဲ့ ဒီဘရိုင်းကြားမှာ နောက်ထပ်ညှိနှိုင်း ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ရာအတွက် အချိန်တွေ အများကြီး ကျန်နေသေးပြီးတော့ အားလုံးကလည်း ဘယ်လ်ဂျီယံ လက်ရွေးစင် ကစားသမား ဒီဘရိုင်း အနေနဲ့ နောက်ဆုံးမှာ သဘောတူညီမှု ရသွားပြီး စာချုပ်အပေါ်မှာ လက်မှတ်ထိုးလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။

Photo Credit: Daily Mail

မန်စီးတီး အသင်းရဲ့ နည်းပြ ဖြစ်သူ ပပ်ဂွာဒီယိုလာ ကတော့ ဒီနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလိုပဲ ပြောကြားခဲ့ပါတယ်။ “ အခြေအနေတွေနဲ့ ပတ်သက်ပြီး ကျွန်တော်ကတော့ မစိုးရိမ်မိပါဘူး။ သူ အသင်းမှာ ဆက်နေမယ်ဆိုတာ အတော်လေး‌ သေချာပါတယ်။ တစ်ခါတစ်ရံမှာ ကျွန်တော်တို့ အနေနဲ့ လုပ်ငန်းစဉ်တွေ အပေါ်မှာ လေးစားရပါမယ်။ ဘာတွေဖြစ်နေလဲ ဆိုတာတော့ ကျွန်တော် မသိပါဘူး။ ဘာလို့လဲဆိုရင် တက်စီကီ ဘီဂီရီစတိန်းနဲ့ စကားမပြောဖြစ်လို့ပါ။ ဒါပေမယ့် ကျွန်တော်တို့ သူ့ကို ဘယ်လောက် အလေးထားလဲဆိုတာ သူသိပါတယ်။ ဘောလုံးသမား တစ်ဦးလိုတင်မကပဲ၊ လူသား တစ်ဦးအနေနဲ့ပါ သူက အသင်းအတွက် ဘယ်လောက် အရေးပါလဲဆိုတာကိုပေါ့။ ကျွန်တော်ကတော့ မစိုးရိမ်ပါဘူး။ ဒါပေမယ့် အဆုံးသတ်မှာကျတော့ အဲ့ဒါက သူ့ရဲ့ ဆုံးဖြတ်ချက်နဲ့ပဲ သက်ဆိုင်တယ်လေ ” လို့ ပြောဆိုခဲ့ပါတယ်။ ဒီဘရိုင်းဟာ အခုလက်ရှိ အသင်းမှာ တစ်ပတ်လုပ်ခ ပေါင် ၃၁၀၀၀၀ ရရှိနေတဲ့ ကစားသမား ဖြစ်ပါတယ်။

The post မက်ဆီကို ‌‌ခေါ်ယူချင်တာကြောင့် ဒီဘရိုင်းကို လစာလျှော့ယူခိုင်း နေတဲ့ မန်စီးတီး appeared first on MySport Myanmar.