မန်ချက်စတာယူနိုက်တက်အသင်းဟာ လက်စတာစီးတီးအသင်းကနေ အင်္ဂလန်နောက်ခံကစားသမား ဟယ်ရီမက်ဂွိုင်းရားကို ပြောင်းရွှေ့ကြေးပေါင်း မြောက်မြားစွာနဲ့ ခေါ်ယူလိုက်နိုင်ခဲ့ပြီးနောက်မှာ အသင်းရဲ့ ပွဲထွက်လူစာရင်းအတွင်း အမြဲလိုလို ထည့်သွင်းအသုံးပြုခဲ့သလို အသင်းရဲ့ အသင်းခေါင်းဆောင်ရာထူးကိုပါ လွဲပြောင်းတာဝန်ပေးခဲ့ပါတယ်။ အခုတော့ မက်ဂွိုင်းရားဟာ ယူနိုက်တက်အသင်းအတွက် ပွဲပေါင်းများစွာကို ဆက်တိုက်ပါဝင်ကစားခဲ့ရင်းနဲ့ အသင်းရဲ့ ကစားသမားဟောင်းတစ်ဦး တင်ရှိထားခဲ့တဲ့ စံချိန်တစ်ခုကိုပါ လိုက်မှီသွားခဲ့ရပါတယ်။

Photo Credit : Eurosport

အသက်(၂၈)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် ဗဟိုနောက်ခံကစားသမား မက်ဂွိုင်းရားဟာ လိဒ်စ်ယူနိုက်တက်အသင်းနဲ့ ဂိုးမရှိသရေကျခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်းမှာ ယူနိုက်တက်အသင်းအတွက် ပါဝင်ကစားပေးခဲ့ရင်းနဲ့ ယူနိုက်တက်အတွက် ပရီးမီးယားလိဂ်ပွဲပေါင်း (၇၁)ပွဲကို တစ်မိနစ်မှမချန် ပါဝင်ကစားနိုင်ခဲ့တဲ့ စံချိန်မှတ်တမ်းတစ်ခုကို လိုက်မှီသွားခဲ့ရပါတယ်။ ဒီစံချိန်ကို ယခင်ယူနိုက်တက် နောက်ခံလူဟောင်း ဂယ်ရီပယ်လီစတာက ၁၉၉၃ခုနှစ်ကနေ ၁၉၉၅ခုနှစ်အတွင်းမှာ ရယူခဲ့ဖူးတာဖြစ်ပြီး အခု မက်ဂွိုင်းရားက အမှီလိုက်နိုင်ခဲ့ပါတယ်။

Photo Credit : Goal

ဒီလို စံချိန်ကောင်းတစ်ခုကို ရယူနိုင်ခဲ့ပေမယ့် မက်ဂွိုင်းရားဟာ လိဒ်စ်နဲ့ပွဲစဉ်မှာတော့ ပြိုင်ဘက်ကစားသမား တိုင်လာရောဘတ်စ်ကို ကစားပုံကြမ်းခဲ့မိတာကြောင့် အဝါကတ်ပြသခံခဲ့ရပြီး ဒါဟာ သူရဲ့ဒီနှစ်ဘောလုံးရာသီအတွင်း ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပြသခံခဲ့ရတဲ့ (၁၀)ကြိမ်မြောက် အဝါကတ်လည်း ဖြစ်လာခဲ့ရပါတယ်။ ယခင်က ယူနိုက်တက်ကစားသမားတွေထဲ တစ်ရာသီအတွင်း ပရီးမီးယားလိဂ်မှာ အဝါကတ်အများဆုံး ပြသခံခဲ့ရသူတွေကတော့ လက်ရှိအသင်းမှာ ပါဝင်ကစားနေတဲ့ ဘယ်နောက်ခံလူ လုခ်ရှောနဲ့ နယူးကာဆဲလ်နည်းပြအဖြစ် ဆောင်ရွှက်နေတဲ့ စတိဗ်ဘရုစ်တို့ဖြစ်ပြီး (၁၁)ကတ်စီ ပြသခံခဲ့ရတာဖြစ်ပါတယ်။ လိဒ်စ်နဲ့ပွဲစဉ်မှာ သရေကျခဲ့ရပေမယ့်လည်း အသင်းရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ကျေနပ်မှု ရှိခဲ့တယ်လို့ မက်ဂွိုင်းရားက ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။ မက်ဂွိုင်းရားရဲ့ ယူနိုက်တက်အသင်းကတော့ ဒီကြားရက်မှာ ရိုးမားအသင်းနဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်ကို ကစားသွားရမှာဖြစ်ပြီး ဒီပွဲပြီးရင်တော့ လီဗာပူးလ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲကျပ်အဖြစ် ဆက်တိုက်ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။

The post ယူနိုက်တက်အသင်း ကစားသမားဟောင်းကြီးရဲ့ စံချိန်တစ်ခုကို အမှီလိုက်နိုင်ခဲ့တဲ့ မက်ဂွိုင်းရား appeared first on MySport Myanmar.