တင်ပါးဒဏ်ရာပြသာနာကြောင့် ရက်အတန်ကြာ အနားယူနေရတဲ့ လက်စတာအသင်းရဲ့ အဓိက ကစားသမားတစ်ယောက်ဖြစ်တဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ဂျိမ်းစ်မက်ဒီဆန်အနေနဲ့ မနက်ဖြန်ညမှာ မန်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း ပြန်လည်ပါဝင်လာနိုင်ဖွယ်ရှိတယ်လို့ လက်စတာနည်းပြ ဘရန်ဒန်ရော်ဂျာက ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Premier League

အသက်(၂၄)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် ကွင်းလယ်တိုက်စစ်ကစားသမား မက်ဒီဆန်ဟာ ဒဏ်ရာပြသာနာကြောင့် ဖေဖော်ဝါရီလလယ်ပိုင်းလောက်ကတည်းက အနားယူနေရတာဖြစ်ပြီး အင်္ဂလန်အသင်းရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေကို လွဲချော်ထားခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် မက်ဒီဆန်ဟာ ဒီရက်ပိုင်းအတွင်း ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်မှာ ဦးဆောင်လို့နေတဲ့ မန်စီးတီးအသင်းနဲ့ ထိပ်တိုက်ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ ပြန်လည်ပါဝင်လာဖို့ အခွင့်အရေး ရှိနေတယ်လို့ နည်းပြရော်ဂျာက ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Sky Sports

မက်ဒီဆန်ရဲ့ ဒဏ်ရာအခြေအနေနဲ့ပတ်သက်ပြီး ရော်ဂျာက “သူက လေ့ကျင့်ခန်းလည်း ပြန်ဆင်းနေပါပြီ။ ဒီတစ်ပတ် ပိတ်ရက်မှာ ကစားရမယ့် ပွဲစဉ်အတွင်းမှာ ပြန်လည်ပါဝင်လာဖွယ်လည်း ရှိနေပါတယ်။ ဒါကြောင့် ဒါကတော့ ကျွန်တော်တို့အသင်းရဲ့ သတင်းကောင်းတစ်ခု ဖြစ်လာစေနိုင်ပါတယ်။ သူက လောလောဆယ်မှာ ၁၀၀%အပြည့်အဝကြီး ကြံခိုင်မှုပြည့်ဝနေတာ မဟုတ်ပေမယ့်လည်း ဘောလုံးနဲ့ပတ်သက်တဲ့ ကြံခိုင်မှုအပိုင်းမှာဆိုရင်တော့ သူအဆင်ပြေနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ နာကျင်မှုတွေ ရှိနေတယ်လို့လည်း အသင်းဘက်ကို သူအကြောင်းကြားတာတွေ မရှိပါဘူး။ သူက ပြီးခဲ့တဲ့တစ်ပတ်လောက်ကနေ စတင်ပြီးတော့ အသင်းဖော်တွေနဲ့အတူ လေ့ကျင့်ခန်း ပြန်ဆင်းနေတာပါ။ ဘောလုံးရာသီကုန်ချိန်အထိ သူရဲ့ကြံခိုင်ရေးအပိုင်း အခုလို ပြည့်ဝနေပါစေလို့ပဲ မျှော်လင်ရမှာပါ” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ လက်စတာအသင်းဟာ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ အဆင့်(၃)နေရာနဲ့ ရပ်တည်လျက်ရှိနေတာကြောင့် လာမယ့်ဘောလုံးရာသီမှာ ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရဖို့ အားကောင်းလျက်ရှိနေပါတယ်။

The post မန်စီးတီးအသင်းနဲ့ ပွဲစဉ်အတွင်းမှာ မက်ဒီဆန် ပြန်လည်ပါဝင်လာနိုင်တယ်လို့ ရော်ဂျာပြောဆို appeared first on MySport Myanmar.