ဒီနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း ခြေစွမ်းပြသနေကြတဲ့ ကစားသမားတွေထဲမှာ အင်္ဂလန်ကစားသမားတွေလည်း ပါဝင်လို့နေပြီး ဒီကစားသမားတွေထဲမှာ အင်္ဂလန်လက်ရွေးစင်အသင်းအတွင်း ပါဝင်ခဲ့ဖူးတဲ့ လက်ရွေးစင်ဟောင်းတွေလည်း ပါဝင်နေလို့ ဒီကစားသမားတွေရဲ့ လက်ရွေးစင်ကစားသမားဘဝ ပြန်လည်ရရှိဖို့အတွက် မျှော်လင့်ချက်ရောင်ကြည်တွေလည်း သမ်းလာခဲ့ရပါတယ်။ ဒီလို အခြေအနေရှိနေတဲ့ ကစားသမားတွေထဲမှာ နောက်ခံအစွန်လူ လုခ်ရှောနဲ့ တိုက်စစ်ကစားသမား ဂျိမ်းမီဗာဒီတို့အကြောင်းကို ဖော်ပြပေးသွားချင်ပါတယ်။

Photo Credit : Goal

အသက်(၂၅)နှစ်အရွှယ်ရှိ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဘယ်နောက်ခံကစားသမား လုခ်ရှောဟာ ဒီရာသီအတွင်း ယူနိုက်တက်အသင်းအတွက် ခြေစွမ်းပြလျက်ရှိနေပြီး ပြိုင်ပွဲစုံ(၂၈)ပွဲအတွင်း ဂိုးဖန်တီးမှု(၆)ကြိမ်အထိ ပြုလုပ်ထားသလို ပရီးမီးယားလိဂ် နောက်ဆုံး(၃)ပွဲဆက်တိုက်မှာလည်း ဂိုးဖန်တီးမှု(၄)ကြိမ်အထိကို လုပ်ဆောင်ထားနိုင်ခဲ့ပါတယ်။ ဒီလိုအခြေအနေတွေကြောင့် လုခ်ရှောဟာ အင်္ဂလန်လက်ရွေးစင်အသင်းမှာ ပြန်လည်ရွေးချယ်ခံရဖို့ အခွင့်အရေးကောင်းတွေ ပိုင်ဆိုင်နေရပြီး ဒီဘောလုံးရာသီအကုန်မှာ စတင်ကျင်းပသွားတော့မယ့် ၂၀၂၀ ယူရိုပြိုင်ပွဲမှာ အင်္ဂလန်အသင်းနဲ့အတူ ပါဝင်ဆင်နွဲရဖွယ် ရှိနေပါတယ်။ ၂၀၁၈ခုနှစ်နောက်ပိုင်းကတည်းက အင်္ဂလန်အသင်းမှာ ပါဝင်ခွင့်မရှိတော့တဲ့ လုခ်ရှောဟာ မတ်လအတွင်းမှာ ကျင်းပဖို့ရှိနေတဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာပါ ပါဝင်ရဖွယ်လည်း ရှိနေပါတယ်။

Photo Credit : Goal

လုခ်ရှောလိုပဲ အင်္ဂလန်အသင်းမှာ ပြန်လည်ပါဝင်လာဖွယ် ရှိလို့နေသူကတော့ ဗာဒီပါ။ အသက်(၃၄)နှစ်အရွှယ်တောင် ရှိနေပြီဖြစ်တဲ့ ဗာဒီကတော့ လုခ်ရှောနဲ့ ပုံစံချင်းမတူပဲ သူကိုယ်တိုင်က အသင်းနဲ့အတူ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို ဝင်ရောက်ဆင်နွဲပြီးနောက်ပိုင်းမှာ သူရဲ့လက်ရွေးစင်ကစားသမားဘဝကို အနားယူလိုက်တာဖြစ်ပါတယ်။ ဗာဒီဟာ ဒီနှစ်ဘောလုံးရာသီအတွင်း လက်စတာအသင်းအတွက် ပြိုင်ပွဲစုံ(၂၃)ပွဲ ပါဝင်ကစားထားခဲ့ပြီး သွင်းဂိုး(၁၄)ဂိုး သွင်းယူထားနိုင်ခဲ့သလို ဂိုးဖန်တီးမှု (၅)ကြိမ် လုပ်ဆောင်ထားနိုင်ခဲ့ပါတယ်။ ဒီလို စွမ်းဆောင်ရည်ကောင်းတွေ ပြသလို့နေတဲ့ ဗာဒီကို အင်္ဂလန်နည်းပြ ဆောက်ဂိတ်ကလည်း အသင်းအတွက် ပြန်လည်ရွေးချယ်ချင်နေမှာ သေချာနေပြီး ဗာဒီကိုယ်တိုင် သူရဲ့ဆုံးဖြတ်ချက်ကို ပြန်လည်ပြောင်းလဲလာနိုင်မလားဆိုတာကိုလည်း စောင့်ကြည့်သွားရမှာပါ။ ဗာဒီဟာ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် (၂၆)ပွဲအထိကို ပါဝင်ကစားထားခဲ့ပြီး သွင်းဂိုး(၇)ဂိုးအထိကို သွင်းယူထားနိုင်ခဲ့ပါတယ်။

The post အင်္ဂလန်လက်ရွေးစင်အသင်းမှာ ပြန်လည်ပါဝင်လာရဖွယ်ရှိနေတဲ့ လုခ်ရှောနဲ့ ဂျိမ်းမီဗာဒီ appeared first on MySport Myanmar.