ဒီရက်ပိုင်းအတွင်းမှာပဲ အသင်းဟောင်း ချယ်လ်ဆီးအသင်းနဲ့ အပြောင်းအရွှေ့ ကောလဟာလသတင်းတွေ ထွက်ပေါ်လို့နေတဲ့ အင်တာမီလန်အသင်းရဲ့ တိုက်စစ်ကစားသမား လူကာကူဟာ အင်တာအသင်းမှာ ပါဝင်ကစားနေရတာကို ပျော်ရွှင်နေပြီး လာမယ့်နွေရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်းမှာလည်း အသင်းကနေ ထွက်ခွာသွားဖို့လည်း အစီအစဉ်မရှိကြောင်း နာမည်ကျော် ဘောလုံးအပြောင်းအရွှေ့ ဂုရုကြီး ဖာဘရီဇီယိုရိုမာနိုက ဖော်ပြသွားခဲ့ပါတယ်။

Photo Credit : Sempreinter

အသက်(၂၇)နှစ်အရွှယ်ရှိ ဘယ်ဂျီယံလက်ရွေးစင် တိုက်စစ်မှူး လူကာကူဟာ ဒီနှစ်ဘောလုံးရာသီမှာ အင်တာမီလန်အသင်းအတွက် ပြိုင်ပွဲစုံသွင်းဂိုးပေါင်း (၂၇)ဂိုးအထိ သွင်းယူထားနိုင်ပြီး ဂိုးဖန်တီးမှုကိုလည်း (၉)ကြိမ်လုပ်ဆောင်ထားခဲ့ကာ အသင်းနဲ့ပါ စီးရီးအေချန်ပီယံဆုကို ပိုင်ဆိုင်ထားခဲ့ပါတယ်။ ဒီလို စွမ်းဆောင်ရည်ကောင်းတွေ ပြသထားနိုင်တဲ့ လူကာကူကို ရီးယဲလ်မက်ဒရစ် ဘာစီလိုနာ မန်စီးတီးအသင်းတွေအပြင် သူရဲ့ကလပ်အသင်းဟောင်းဖြစ်တဲ့ ချယ်လ်ဆီးကနေလည်း ခေါ်ယူသွားဖို့ စိတ်ဝင်စားနေခဲ့ပြီး ပြောင်းရွှေ့ကြေး ပေါင်သန်းတစ်ရာဝန်းကျင်နဲ့ပါ ကမ်းလှမ်းဖွယ်ရှိနေတယ်လို့ သတင်းတွေ ထွက်လာခဲ့ပါတယ်။

Photo Credit : Sempreinter

ချယ်လ်ဆီး အဲဗာတန် မန်ချက်စတာယူနိုက်တက်အသင်းတွေမှာ ပါဝင်ကစားခဲ့ဖူးတဲ့ လူကာကူဟာ ၂၀၁၉ခုနှစ်ကမှ ယူနိုက်တက်ကနေ အင်တာမီလန်ကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အင်တာကစားသမားဘဝ ဒုတိယမြောက်ရာသီမှာပဲ စီးရီးအေချန်ပီယံဆုကို သိမ်းပိုက်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ လူကာကူဟာ အင်တာမှာ သူရဲ့ယူနိုက်တက်အသင်းဖော်ဟောင်းတွေဖြစ်တဲ့ အက်ရှ်လေယန်း အလက်ဆစ်ဆန်းချက်ဇ်တို့အပြင် အာဂျင်တီးနားတိုက်စစ်မှူး လော်သာရိုမာတီနက်ဇ်နဲ့ပါတွဲဖက်ပြီး တိုက်စစ်စွမ်းရည်တွေ ပြသနေတာကြောင့် သူ့ကို ထိပ်တန်းကလပ်အသင်းတွေက မျက်စိကျလာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဖာဘရီဇီယိုရဲ့ ဖော်ပြချက်အရ လူကာကူဟာ အင်တာကစားသမားတစ်ယောက် ဖြစ်နေရတာကို ဂုဏ်ယူလျက်ရှိနေပြီး နှစ်ပေါင်းများစွာ ဝေးကွာလို့နေတဲ့ စီးရီးအေချန်ပီယံဆုကိုလည်း အသင်းနဲ့အတူ ပြန်လည်ရရှိခဲ့တာကိုလည်း ပျော်ရွှင်နေတာကြောင့် အသင်းနဲ့ လမ်းခွဲဖို့က မဖြစ်နိုင်သေးဘူးလို့ သိရှိရပါတယ်။ ဒါပေမယ့် လူကာကူရဲ့အသင်းဖော် အက်ရှ်လေယန်းကတော့ အင်တာနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး အသင်းဟောင်း ဝက်ဖိုဒ့်ဆီကို ပြန်သွားရဖွယ် ရှိနေပါတယ်။

The post လာမယ့်နွေစျေးကွက်ထဲမှာ အင်တာမီလန်ကနေ ထွက်ခွာသွားဖို့ အစီအစဉ်မရှိတဲ့ လူကာကူ appeared first on MySport Myanmar.