ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့ကြတဲ့ အေစီမီလန်အသင်းနဲ့ အင်တာမီလန် အသင်းတို့ရဲ့ ကိုပါအီတာလီယာ ဖလား ကွာတားဖိုင်နယ် ပွဲစဉ်မှာတော့ အင်တာမီလန် အသင်းက နောက်ကျ သွင်းဂိုးတွေနဲ့ မြို့ခံပြိုင်ဘက် အေစီမီလန်အသင်းကို ၂-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိပြီး ကိုပါအီတာလီယာ ဖလားပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ် အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

နှစ်သင်းပိုင် ကွင်းကြီးဖြစ်တဲ့ ဆန်စီရိုကွင်းထဲမှာ ကစားခဲ့တဲ့ အဆိုပါပွဲစဉ်ဟာ ခြေစွမ်းကောင်းတွေ ရရှိနေတဲ့ အသင်းနှစ်သင်း ထိပ်တိုက် တွေ့ဆုံတဲ့ ပွဲစဉ်ဖြစ်တာကြောင့် အတော်လေးကို ကြည့်ကောင်းသလို တစ်ချိန်က အသင်းဖော်ဟောင်းတွေ ဖြစ်ခဲ့ဖူးတဲ့ အေစီမီလန် အသင်းရဲ့ တိုက်စစ်မှူး အီဘရာဟီမိုဗစ်နဲ့ အင်တာမီလန် အသင်းရဲ့ တိုက်စစ်မှူး လူကာကူတို့ရဲ့ ကြားမှာ ဖြစ်ခဲ့တဲ့ ရန်ပွဲကြောင့်လည်း မီလန်ဒါဘီဟာ ပိုပြီး အသက်ဝင်ခဲ့ပါတယ်။

Photo Credit: Sky Sports

အဆိုပါ ပွဲစဉ်မှာ အေစီမီလန် အသင်းဟာ ဝါရင့် တိုက်စစ်မှူးကြီး အီဘရာဟီမိုဗစ်ရဲ့ ပွဲကစားချိန် ၃၁မိနစ် မှာ သွင်းယူခဲ့တဲ့ သွင်းဂိုးနဲ့ ပွဲကို ဦးဆောင် နိုင်ခဲ့ပေမယ့် ပွဲကစားချိန် ၇၂မိနစ်မှာတော့ ပင်နယ်တီ ကနေ တဆင့် လူကာကူဟာ အင်တာမီလန် အသင်းအတွက် ချေပဂိုးကို ပြန်လည် သွင်းယူပေးခဲ့ပြီး အင်တာမီလန် အသင်းအတွက် အနိုင်ဂိုး ဖြစ်စေမယ့် သွင်းဂိုးကိုတော့ ကွင်းလယ်လူ အဲရစ်ဆင်က ပွဲကစားချိန် ၉၀မိနစ်မှာ သွင်းယူပေးခဲ့တာပါ။

အဆိုပါ ပွဲစဉ်ရဲ့ ပွဲကစားချိန် ၄၅မိနစ် ဝန်းကျင်မှာတော့ တစ်ချိန်က မန်ချက်စတာ ယူနိုက်တက် အသင်းမှာ အသင်းဖော်တွေ ဖြစ်ခဲ့ဖူးတဲ့ အေစီမီလန် တိုက်စစ်မှူး မိုဗစ်နဲ့ အင်တာမီလန် တိုက်စစ်မှူး လူကာကူတို့ဟာ အချင်းများမှုတွေ ဖြစ်ခဲ့ကြပြီး မိုဗစ်ဟာ လူကာကူရဲ့ အမေကို ထိပါးပြီး ဆဲရေး တိုင်းထွာခဲ့သလို လူကာကူ ကလည်း မိုဗစ်ကို သူ့ရဲ့ မိန်းမနဲ့ ပတ်သတ်ပြီး ခပ်ကြမ်းကြမ်း ပြန်ဆဲခဲ့ကြောင်း အီတလီ အခြေစိုက် သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။

Photo Credit: Sky Sports

သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ အီဘရာဟီမိုဗစ်ဟာ လူကာကူကို “မင်း ဒီည ဘောလုံးထိန်းတာ တစ်ကြိမ်ကောင်းရင် ယူရို ၅၀၀ ပေးမယ်။ မင်းအမေကို သွားတိုင်ပြီး သုံးစားမရတဲ့ Voodoo (အာဖရိကတွင် အရုပ်များဖြင့် ပြုလုပ်သော ရိုးရာအောက်လမ်းနည်း) ပဲ လုပ်နေကွာ။ သောက်သုံးမကျတဲ့ မျောက်ငယ်လေး” ဆိုပြီး ဆဲရေးတိုင်းထွာခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။

သူ့ရဲ့ အမေကို ထိပါးခံရပြီး နောက်မှာတော့ လူကာကူကလည်း မိုဗစ်ကို ကြည့်ကာ “ခင်ဗျားကိုရော ၊ ခင်ဗျားရဲ့ မိန်းမကိုရော -ိုးပစ်မယ်။ ခင်ဗျားကမှ သုံးစားမရတဲ့ကောင်။ ခင်ဗျားက ကျွန်တော့်ရဲ့ အမေကို လာပြီး ထိခိုက်ချင်တယ် ဟုတ်လား။ ခေါင်းကို သေနတ်နဲ့ချိန်ပြီး ပစ်လိုက်မယ်” လို့ ပြန်ဆဲခဲ့ပါတယ်။ လက်ရှိမှာတော့ သူတို့နှစ်ဦးရဲ့ အချင်းများမှုနဲ့ ပတ်သတ်ပြီး အီတလီ ဘောလုံးအဖွဲ့ချုပ်က စုံစမ်းမှုတွေ ပြုလုပ်နေပြီး နောက်ဆက်တွဲ ပွဲပယ်ပြစ်ဒဏ်တွေကို ချမှတ်မလား ၊ မချမှတ်ဘူးလား ဆိုတာကိုတော့ မကြာခင်မှာ ဆုံးဖြတ်သွားမယ် လို့ သိရှိ ရပါတယ်။

The post ၁၈နှစ်အထက် စကားလုံးတွေနဲ့ အပြန်အလှန် ဆဲပြီး ပွဲကြမ်းခဲ့ကြတဲ့ လူကာကူနဲ့ မိုဗစ် appeared first on MySport Myanmar.