ဖရန့်ဖတ်အသင်းနဲ့အတူ နာမည်ကျော်ကြားလာခဲ့တဲ့ ဆာဘီးယားတိုက်စစ်မှူးလေး လူကာယိုဗစ်ကတော့ ၂၀၁၉ခုနှစ်မှာပဲ ဥရောပအင်အားကြီး ကလပ်အသင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းဆီကို ပြောင်းရွှေ့ကြေးများစွာနဲ့ ရောက်ရှိလာခဲ့ပြီး ဒီအသင်းမှာ သူရဲ့အနာဂတ်တွေက ပိုမိုလင်းလက်လာလိမ့်မယ်လို့ အားလုံးက ထင်ကြေးပေးပြောဆိုလာခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ယိုဗစ်ဟာ ရီးရဲလ်မှာ ခြေစွမ်းပြဖို့ရော အသင်းမှာ နေရာရဖို့ကိုပါ ရုန်းကန်နေရပြီး အခုတော့ သူရဲ့ကလပ်အသင်းဟောင်းဆီကိုပါ အငှားနဲ့ ပြန်သွားခဲ့ရပြီဖြစ်ပါတယ်။

Photo Credit : Marca

အသက်(၂၃)နှစ်အရွှယ်ရှိ ဆာဘီးယားလက်ရွေးစင် တိုက်စစ်ကစားသမား လူကာယိုဗစ်ဟာ ဖရန့်ဖတ်အသင်းမှာ ကစားခဲ့စဉ်တုန်းက သူရဲ့သွင်းဂိုးတွေနဲ့ အသင်းကို ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့်ထိ ပို့ဆောင်နိုင်ခဲ့သလို သူကိုယ်တိုင်ကလည်း ပြိုင်ပွဲအတွင်း (၁၀)ဂိုးအထိပါ သွင်းယူနိုင်ခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာပဲ ယိုဗစ်ကို ဥရောပကလပ်အသင်းများစွာကနေ စတင်စိတ်ဝင်စားလာခဲ့ပြီး နောက်ဆုံးမှာတော့ ယိုဗစ်က အားလုံးထဲကမှ ရီးရဲလ်မက်ဒရစ်အသင်းဆီကိုပဲ ပြောင်းရွှေ့ကစားဖို့ ရွေးချယ်သွားခဲ့ပါတယ်။

Photo Credit : Fox Sports

စပိန်မြေကို ရောက်သွားခဲ့တဲ့ ယိုဗစ်ဟာ ရီးရဲလ်မှာတော့ ဘန်ဇီမာရဲ့နောက် ဒုတိယဦးစားပေး ကစားသမားအဖြစ်နဲ့သာ ကစားနေရသလို ပွဲထွက်ကစားရဖို့ရော ကစားခွင့်ရတဲ့အချိန်မှာ အသင်းအတွက် ဂိုးတွေသွင်းယူပေးဖို့အတွက်ပါ ရုန်းကန်နေရပြီး အခုတော့ သူရဲ့ကလပ်အသင်းဟောင်းဖြစ်တဲ့ ဖရန့်ဖတ်ဆီကိုပါ အငှားနဲ့ ပြန်လာခဲ့ရပြီဖြစ်ပါတယ်။ ယိုဗစ်ကို ရီးရဲလ်အသင်းကနေ ပြီးခဲ့တဲ့နှစ် ဆောင်းရာသီစျေးကွက်လောက်ကတည်းက အသင်းကနေ အငှားချသွားဖို့ စီစဉ်ခဲ့တာဖြစ်ပေမယ့်လည်း အကြောင်းကြောင်းတွေကြောင့် အခုမှသာ အငှားချခဲ့ရတာဖြစ်သလို နွေစျေးကွက်အတွင်းကလည်း မန်ချက်စတာယူနိုက်တက်အသင်းကပါ ယိုဗစ်ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပါသေးတယ်။ ယိုဗစ်ဟာ အသင်းဟောင်းနဲ့ ပြန်လည်ပါဝင်ကစားခွင့်ရတဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာပဲ အသင်းအတွက် အရေးပါတဲ့ သွင်းဂိုး(၂)ဂိုးကို သွင်းယူပေးနိုင်ခဲ့ပြီး သူရဲ့ဂိုးတွေကြောင့်ပဲ အသင်းက အနိုင်(၃)မှတ်ကို ပိုင်ဆိုင်ခဲ့ပါတယ်။ ဒါပေမယ့် ရီးရဲလ်ကတော့ ယိုဗစ်ကို အငှားကနေ အပြီးသတ်ဝယ်ယူခွင့်မပြုဘူးလို့ စာချုပ်ထဲမှာ ထည့်ချုပ်ထားတဲ့အတွက် ဖရန့်ဖတ်ဘက်က ယိုဗစ်ကို အပိုင်ခေါ်ယူထားဖို့ကတော့ ဖြစ်နိုင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် ကစားသမားကိုယ်တိုင်က ရီးရဲလ်ကနေ ပြန်လည်စွန့်ခွာချင်နေတယ်ဆိုရင်တော့ ရီးရဲလ်ဘက်က ထိုက်သင့်တဲ့ ပြောင်းရွှေ့ကြေးမျိုးနဲ့ လက်လွတ်သွားနိုင်ဖွယ် ရှိနေပါတယ်။

The post အသင်းဟောင်းဆီ တကျော့ပြန်ရောက်လာချိန်မှာ သွင်းဂိုးတွေနဲ့ စတင်နှုတ်ခွန်းဆက်လိုက်တဲ့ ယိုဗစ် appeared first on MySport Myanmar.