ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးအသင်းဟာ သူတို့အသင်းရဲ့ အားနည်းနေတဲ့ ကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းဖို့ အတွက် စပိန်လာလီဂါကလပ် အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ ကွင်းလယ်လူ ဆာအူလ် နီဂွက်စ်ကို တရားဝင် ကမ်းလှမ်းမှု တခု ပြုလုပ်ဖို့ ရှိကြောင်း သိရပါတယ်။

အသက် ၂၆နှစ် အရွယ် စပိန်ကွင်းလယ်လူ ဆာအူလ်ဟာ အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ အရည်အသွေးမြင့် ကစားသမားတွေထဲက တဦး ဖြစ်ပေမယ့် နည်းပြ ဆီမြွန်နီနဲ့ ဆက်ဆံရေး အဆင်မပြေတာကြောင့် ယခုနှစ် နွေဈေးကွက် အတွင်းမှာ အသင်းကနေ ထွက်ခွာဖို့ ကြိုးစားနေသူပါ။

 

Photo Credit: Liverpool Echo

လက်ရှိမှာတော့ ဆာအူလ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေ အများအပြား ရှိနေပြီး အဆိုပါ အသင်းတွေထဲမှာ ပရီးမီးယားလိဂ် အင်အားကြီးကလပ် လီဗာပူးအသင်းလည်း ပါဝင်နေကာ လီဗာပူးအသင်းဟာ အသင်းကနေ ထွက်ခွာသွားတဲ့ နယ်သာလန် ကွင်းလယ်လူ ဝစ်နယ်ဒန်ရဲ့ နေရာအတွက် ဆာအူလ်ကို ခေါ်ယူချင်နေတာလည်း ဖြစ်ပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Mirror သတင်းဌာနရဲ့ ဖော်ပြချက်အရ လီဗာပူးအသင်းဟာ ဆာအူလ်အတွက် အသင်းရဲ့ ကစာသမားတွေ ဖြစ်ကြတဲ့ ရှာကွီရီနဲ့ ဟန်ဒါဆန်တို့ကို အလိုက်ပေး ကမ်းလှမ်းဖို့ အထိ ပြင်ဆင်ထားပြီး ကနဦး ကမ်းလှမ်းချက်ကိုတော့ ငွေသားသီးသန့် ကမ်းလှမ်းသွားမယ်လို့ သိရပါတယ်။

Photo Credit: Liverpool Echo

ထွက်ပေါ်လာတဲ့ သတင်းတွေအရ လီဗာပူးအသင်းဟာ ဆာအူလ်အတွက် ပထမဦးဆုံး ကမ်းလှမ်းမှု အဖြစ် ငွေသား ပေါင် ၃၅သန်းနဲ့ စတင် ကမ်းလှမ်းဖွယ် ရှိကြောင်း သိရပြီး အက်သလက်တီကို မက်ဒရစ်အသင်း ကတော့ ဆာအူလ်အတွက် ပြောင်းရွှေ့ကြေး ပေါင် ၄၅သန်း အထိ လိုချင်နေပါတယ်။

လက်ရှိမှာ ဆာအူလ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းဟာ လီဗာပူးအသင်း တသင်းထဲ မဟုတ်ပဲ လီဗာပူးအသင်းရဲ့ မဟာပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက် ၊ လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာအသင်း စတဲ့ အသင်းတွေကလည်း ဆာအူလ်ကို ခေါ်ယူချင်နေတာကြောင့် လီဗာပူးအသင်းဟာ ဆာအူလ်ကို ရဖို့ ခက်ခက်ခဲခဲ ကြိုးစားရဖွယ် ရှိပါတယ်။