ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးအသင်းဟာ သူတို့အသင်းရဲ့ နံပါတ်တစ် ဂိုးသမားဖြစ်သူ ဘရာဇီးလ် လက်ရွေးစင် ဂိုးသမား အယ်လီဆန် ဘက်ကာကို စာချုပ်သစ် ချုပ်ဆိုဖို့ အတွက် ဆွေးနွေးမှုတွေ စတင်လာကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။ အသက် ၂၈နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် ဂိုးသမား အယ်လီဆန်ဟာ ၂၀၁၈ခုနှစ်မှာ ရိုးမားအသင်း ကနေ လီဗာပူးအသင်းထံကို ပြောင်းရွှေ့ကြေး ယူရို ၆၂.၅သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး လီဗာပူးအသင်းထံ ရောက်ရှိလာအပြီးမှာ အသင်းရဲ့ အဓိက ထောက်တိုင် ကစားသမား ဖြစ်လာသလို ချန်ပီယံလိဂ်ဖလား ၊ ပရီးမီးယားလိဂ်ဖလား ၊ ကမ္ဘာ့ကလပ်ဖလားတို့ကို ရရှိခဲ့ပါတယ်။

Photo Credit: Mirror

အယ်လီဆန်ဟာ လီဗာပူးအသင်းနဲ့ ၂၀၂၄ခုနှစ် ဇွန်လအထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးသူ ဖြစ်ပေမယ့် လက်ရှိ အယ်လီဆန်ကို ခေါ်ယူဖို့ အတွက် ဥရောပ အသင်းကြီး တချို့က စိတ်ဝင်စားနေတာကြောင့် လီဗာပူးအသင်းဟာ အယ်လီဆန်ကို အသင်းမှာ ကာလရှည် ဆက်ရှိနေအောင် စာချုပ်သစ် ချုပ်ဆိုဖို့ စဉ်းစား နေတာပဲ ဖြစ်ပါတယ်။ နာမည်ကြီး သတင်းဌာန ဖြစ်တဲ့ Daily Telegraphရဲ့ ဖော်ပြချက်အရ လီဗာပူးအသင်းဟာ အသင်းနဲ့ စာချုပ်သက်တမ်း ၃နှစ် အထိ ကျန်သေးတဲ့ အယ်လီဆန်ကို စာချုပ်သစ် ချုပ်ဆိုဖို့ ပြင်ဆင်နေသလို အသင်းရဲ့ နာမည်ကြီး ကစားသမားတွေ ဖြစ်တဲ့ ဗန်ဒိုက် ၊ ဆာလက်တို့ကို အသင်းမှာ အနာဂတ် သေချာအောင် ဆက်လက် လုပ်ဆောင်နေကြောင်း သိရပါတယ်။

Photo Credit: Mirror

အယ်လီဆန်ဟာ မကြာသေးခင်က ပြုလုပ်ထားတဲ့ အင်တာဗျူးတွေမှာ သူဟာ လီဗာပူးအသင်းနဲ့အတူ ပျော်ရွှင်နေကြောင်း ဖွင့်ဟ ပြောကြားထားတာကြောင့် လီဗာပူးအသင်းနဲ့ သူ့ရဲ့ကြားမှာ စာချုပ်သစ် အတွက် သဘောတူညီမှုတွေဟာ လျင်မြန်စွာ ရရှိနိုင်ကာ အယ်လီဆန်အနေနဲ့ စာချုပ်သစ်မှာ ပိုမို မြင့်မားတဲ့ လစာကို ရရှိနိုင်ကြောင်း သုံးသပ်မှုတွေလည်း ရှိနေပါတယ်။ ဆက်စပ်သတင်းတွေအရ လီဗာပူးအသင်းဟာ ယခုနှစ် ဘောလုံးရာသီမှာ အသင်းနဲ့အတူ ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ အတွက် ရုန်းကန်နေရတဲ့ အသင်းရဲ့ တောင်ပံ တိုက်စစ်ကစားသမား မာနေးကို လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ရောင်းချဖို့ ပြင်ဆင်နေပြီး မာနေးရဲ့ နေရာအတွက် ဒေါ့မွန်အသင်းကနေ ထွက်ခွာမယ့် ဆန်ချိုကို မျက်စိကျနေကြောင်း သိရပါတယ်။

The post အယ်လီဆန်ကို စာချုပ်သစ် ချုပ်ဆိုဖို့ ဆွေးနွေးမှုတွေ စတင်လာတဲ့ လီဗာပူးအသင်း appeared first on MySport Myanmar.