၂၀၁၉-၂၀၂၀ ဘောလုံးရာသီ အတွက် ကမ္ဘာ့ အကောင်းဆုံး ဘောလုံးသမား တစ်ဦးအဖြစ် သတ်မှတ် ခံခဲ့ရတဲ့ ဘိုင်ယန်မြူးနစ် အသင်းရဲ့ အဓိက တိုက်စစ်မှူး ဖြစ်သူ လီဝမ်ဒေါစကီး ကတော့ သူ့အတွက် ဒေါ့မွန် အသင်းမှာ ဆုံတွေ့ခဲ့ဖူးတဲ့ ဆရာဟောင်း ဖြစ်သူ ဂျာဂင် ကလော့ပ်ဟာ ဖခင်တစ်ဦးလိုပါပဲ လို့ ဖွင့်ဟ ပြောကြား သွားခဲ့ပါတယ်။ အသက် ၃၂နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ ပိုလန်အသင်းနဲ့ ဘိုင်ယန်မြူးနစ် အသင်းတို့ရဲ့ အဓိက တိုက်စစ်မှူး လီဝမ်ဒေါစကီးဟာ ဥရောပ ဘောလုံးဇာတ်ခုံပေါ်ကို ဒေါ့မွန်အသင်းနဲ့ အတူ တက်ရောက်လာခဲ့သူ ဖြစ်ပြီး ဒေါ့မွန်အသင်းကြောင့်သာ မဟုတ်ရင် ယခုလို ထိပ်တန်း ကစားသမား တစ်ဦး ဖြစ်လာဖို့ ခက်ခဲမယ့် အနေအထားမှာ ရှိတဲ့ ကစားသမား တစ်ဦးပါ။

Photo Credit: Goal

လီဝမ်ဒေါစကီးဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဘိုင်ယန်မြူးနစ် အသင်းအတွက် ပြိုင်ပွဲစုံမှာ ၅၂ပွဲ ပါဝင် ကစားခဲ့ရာ သွင်းဂိုး ၆၀ဂိုး အထိ သွင်းယူနိုင်ခဲ့ပြီး သူ့ရဲ့ သွင်းဂိုး တစ်ဂိုးရဖို့ ပျမ်းမျှ ကြာချိန်ဟာ ၇၆မိနစ်သာ ရှိပါတယ်။ ဒါ့ကြောင့်ပဲ လီဝမ်ဒေါစကီးဟာ ရိုနယ်ဒိုနဲ့ မက်ဆီတို့ကို ကျော်ဖြတ်ကာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့တာ ဖြစ်ပြီး လက်ရှိ ဘောလုံးရာသီ မှာလည်း လီဝမ်ဒေါစကီးဟာ ဘွန်ဒက်လီဂါ ပြိုင်ပွဲရဲ့ စွမ်းဆောင်ရည် အကောင်းဆုံး ကစားသမား အဖြစ် ရှိနေခဲ့ပါတယ်။ ကစားသမား ဘဝ အမြင့်မားဆုံး အောင်မြင်မှုတွေကို ၂၀၁၄ခုနှစ်မှာ ဘိုင်ယန်မြူးနစ် အသင်းထံ ပြောင်းရွှေ့ပြီးမှ ရရှိခဲ့တာ ဖြစ်ပေမယ့် လီဝမ်ဒေါစကီး ကတော့ ဒေါ့မွန်အသင်းမှာ တွေ့ဆုံခဲ့တဲ့ ဂျာဂင် ကလော့ပ်ကသာ သူ့အတွက် ဖခင်တစ်ဦးလို လေးစားရတဲ့ နည်းပြတစ်ဦး ဖြစ်ကြောင်း ဆိုသွားပါတယ်။

Photo Credit: Goal

ဂျာဂင်ကလော့ပ်နဲ့ ပတ်သတ်ပြီး လီဝမ်ဒေါစကီးက “ဂျာဂင်က ကျွန်တော့်အတွက် အဖေတစ်ဦး ဖြစ်ရုံတင် မကပါဘူး။ ဘောလုံးနဲ့ ပတ်သတ်ရင်လည်း သူက ဆိုးတဲ့ ဆရာတစ်ဦးလိုပါပဲ။ ဒါပေမယ့် သူဆိုးတာက ကောင်းတဲ့ဘက်မှာ ဆိုးတာပါ။ သူက ခင်ဗျားရဲ့ ဘဝကို လွယ်ကူအောင် လုပ်ပေးနိုင်တယ်။ ပြီးတော့ ခင်ဗျားဆီက ဘာမှကို မမျှော်လင့်ထားဘူး။ ဒါပေမယ့် တစ်ချိန်ထဲမှာပဲ သူက ခင်ဗျားကို ခပ်တင်းတင်း ကိုင်တွယ်လေ့ ရှိပါတယ်။ သူက ခင်ဗျားကို ဖိအားတွေ ပေးပြီး ခင်ဗျားဆီက အကောင်းဆုံး ဆိုတဲ့ အရာတွေ ထုတ်ယူဖို့ ကြိုးစားတတ်ပါတယ်။ ဒါကပဲ ခင်ဗျားကို ပိုပို ကောင်းလာစေတဲ့ ဆရာတစ်ဦးပါ။ ဂျာဂင်က အဲ့လို လူစားမျိုးပါပဲ” လို့ ပြောကြား သွားပါတယ်။

The post ကလော့ပ်ဟာ သူ့အတွက် အဖေတစ်ဦးလိုပါပဲလို့ ဖွင့်ဟသွားတဲ့ လီဝမ်ဒေါစကီး appeared first on MySport Myanmar.