မနေ့ညကတော့ ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ (၁၆)သင်းအဆင့် ရှုံးထွက်ပထမအကျော့ တတိယညပွဲစဉ်အဖြစ်နဲ့ အသက်လက်တီကိုမက်ဒရစ်နဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ လာဇီယိုနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ရဲ့ ပွဲစဉ်တွေကို ကျင်းပစေခဲ့ပြီး ဧည့်သည်အသင်း(၂)သင်းလုံးက နိုင်ပွဲကိုယ်စီ ရယူသွားနိုင်ခဲ့ပါတယ်။ ရောမမြို့မှာ လာဇီယိုနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ချန်ပီယံလိဂ်ရဲ့ လက်ရှိချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းဟာလည်း ပထမအကျော့မှာပဲ (၁)ဂိုး(၄)ဂိုးဆိုတဲ့ ရလဒ်မျိုးနဲ့ အနိုင်ယူခဲ့တာကြောင့် ကွာတားဖိုင်နယ်ကို တတ်လှမ်းသွားရပြီလို့တောင် သတ်မှတ်လို့ရနိုင်ပြီဖြစ်ပါတယ်။

Photo Credit : Twitter

ဒီပွဲစဉ်မှာ ဘိုင်ယန်အတွက် သွင်းဂိုးတွေကို လီဝန်ဒေါစကီး ဆာနေးနဲ့ လူငယ်ကစားသမားလေး မြူရှလာတို့က သွင်းယူခဲ့သလို လာဇီယိုနောက်ခံကစားသမား အာချာဘီကလည်း (og)ဂိုး သွင်းယူသွားခဲ့တာကြောင့် အဝေးကွင်းမှာ ဘိုင်ယန်တို့ ဂိုးပြတ်အောင်ပွဲခံနိုင်ခဲ့ရတာဖြစ်ပါတယ်။ အသင်းအတွက် ပွဲအစ(၉)မိနစ်မှာပဲ အဖွင့်သွင်းဂိုးကို သွင်းယူနိုင်ခဲ့တဲ့ ပိုလန်လက်ရွေးစင် တိုက်စစ်မှူးကြီး ရောဘတ်လီဝန်ဒေါစကီးကတော့ အခုဆိုရင် သူရဲ့ချန်ပီယံလိဂ် သွင်းဂိုးအရေအတွက်က (၇၂)ဂိုးအထိကို ရှိလာခဲ့ရတာကြောင့် ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဂန္တဝင်တိုက်စစ်မှူးကြီး ရာအူးဂွန်ဇာလက်ဇ်ကို ကျော်ဖြတ်ကာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ တတိယမြောက် သွင်းဂိုးအများဆုံး ကစားသမားနေရာကို သိမ်းပိုက်ရယူသွားနိုင်ခဲ့ပါတယ်။

Photo Credit : Twitter

ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ သမိုင်းတလျှောက် ဂိုးသွင်းအများဆုံး ကစားသမားကတော့ လက်ရှိ ဂျုဗင်တပ်စ်အသင်းမှာ ပါဝင်ကစားနေတဲ့ ပေါ်တူဂီတိုက်စစ်ကစားသမား ခရစ္စတီယာနိုရော်နယ်ဒိုဖြစ်ပြီး စုစုပေါင်း သွင်းဂိုး(၁၃၄)ဂိုးအထိ သွင်းယူထားသလို ဘာစီလိုနာအသင်းရဲ့ အာဂျင်တီးနားတိုက်စစ်ကစားသမား လီယွန်နယ်မက်ဆီက သွင်းဂိုးပေါင်း(၁၁၉)ဂိုးနဲ့ ဒုတိယနေရာမှာ ရပ်တည်လို့နေပါတယ်။ အခုတော့ ဒီကစားသမား(၂)ယောက်ရဲ့ နောက် တတိယနေရာကို ပိုလန်တိုက်စစ်မှူးက ရောက်ရှိလာခဲ့ပြီး တတိယအဆင့်ကနေ ကျော်ဖြတ်ဖို့ဆိုတာကတော့ နောက်ထပ်သွင်းဂိုးများစွာ လိုအပ်သေးတာဖြစ်လို့ သူရဲ့တတိယနေရာကိုပဲ အခိုင်အမာဖြစ်နေအောင် ကြိုးပမ်းရတော့မှာဖြစ်ပါတယ်။ ပိုလန်ဂိုးသွင်းစက် လီဝန်ဒေါစကီးဟာ ဒီနှစ်ဘောလုံးရာသီမှာလည်း သူရဲ့သွင်းဂိုးတွေများစွာကို ဆက်လက်မြင်တွေ့နေတာဖြစ်ပြီး ဘိုင်ယန်အတွက် ပြိုင်ပွဲစုံ(၃၁) ပါဝင်ထားပြီးနောက် သွင်းဂိုးပေါင်း (၃၂)ဂိုးအထိကို သွင်းယူထားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် သူရဲ့ဘွန်ဒစ်လီဂါသွင်းဂိုးဟာလည်း (၂၆)ဂိုးအထိကို ရှိလို့နေတာကြောင့် ဒီနှစ်ရဲ့ ဥရောပရွှေဖိနပ်ဆုကို အရယူဆောင်နိုင်ဖို့ကလည်း အခြေအနေအကောင်းဆုံး ဖြစ်နေရပါတယ်။

The post ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ သမိုင်းတလျှောက် တတိယမြောက် ဂိုးသွင်းအများဆုံး ဖြစ်လာခဲ့တဲ့ လီဝန်ဒေါစကီး appeared first on MySport Myanmar.