ဂျာမန် ဘွန်ဒက်လီဂါ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ လိုက်ပ်ဇက်အသင်းရဲ့ CEO ဖြစ်သူ အိုလီဗာ ကတော့ သူတို့အသင်းဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းရဲ့ အဓိက နောက်ခံလူ တစ်ဦး ဖြစ်တဲ့ အူပါမီကာနိုကို ရောင်းချသွားဖွယ် ရှိကြောင်း အတည်ပြု ပြောကြား သွားခဲ့ပါတယ်။ အသက် ၂၂နှစ် အရွယ် ပြင်သစ် လက်ရွေးစင် နောက်ခံလူ အူပါမီကာနိုဟာ လက်ရှိ ဘောလုံးလောကမှာ အတိုးတက်ဆုံး လူငယ် နောက်ခံလူ အဖြစ် သတ်မှတ်ခြင်း ခံထားရသူ ဖြစ်ပြီး သူဟာ လွန်ခဲ့တဲ့ ဘောလုံးရာသီမှ စတင်ကာ လိုက်ပ်ဇက်အသင်းရဲ့ အဓိက နောက်ခံလူ တစ်ဦး ဖြစ်လာသူပါ။ ဒါပေမယ့် အူပါမီကာနိုဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာဖို့ ကျိန်းသေလုနီးပါး အခြေအနေမှာ ရှိနေပါတယ်။

Photo Credit: Metro

အူပါမီကာနိုဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ အပြောင်းအရွှေ့ကမှ လိုက်ပ်ဇက်အသင်းနဲ့ ၂၀၂၃ ခုနှစ် အထိ စာချုပ်သက်တမ်း တိုးထားသူ ဖြစ်ပေမယ့် စာချုပ်သစ်မှာ ပါဝင်တဲ့ အချက်အလက် အရ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ဆိုရင် သူ့ရဲ့ စာချုပ်ဖျက်သိမ်းကြေး တန်ဖိုးဟာ ပေါင် ၃၈သန်းသာ ရှိတော့မှာ ဖြစ်ပါတယ်။ အသက် ၂၂နှစ် အရွယ်သာ ရှိသေးသလို ခြေစွမ်းလည်း တစ်ဟုန်ထိုး တိုးတက်နေတဲ့ အူပါမီကာနိုလို လူငယ် ခံစစ်မှူးကို ပြောင်းရွှေ့ကြေး ပေါင် ၃၈သန်းတည်းနဲ့ ခေါ်ယူနိုင်မယ့် အခွင့်အရေးဟာ တကယ့်ကို မျက်စိကျစရာ အခွင့်အရေး တစ်ခုဖြစ်ပြီး လက်ရှိမှာတော့ အူပါမီကာနိုကို ခေါ်ယူဖို့ အတွက် ဥရောပ အသင်းကြီး အများစုက ကြိုးစားနေပါတယ်။

Photo Credit: Metro

အိုလီဗာ ကတော့ သူတို့အသင်းဟာ အသင်းရဲ့ အကောင်းဆုံး ကစားသမားတွေကို ရောင်းချကာ အသင်းအတွက် ရင်းနှီးမြှုပ်နှံမှု လုပ်နေတဲ့ အသင်းဖြစ်တာကြောင့် မှန်ကန်တဲ့ ပြောင်းရွှေ့ကြေး ရရင် အူပါမီကာနိုလို အဓိက ကစားသမားကိုလည်း ရောင်းချမှာ ဖြစ်ကြောင်း ဆိုခဲ့ပါတယ်။ အိုလီဗာက “ကျွန်တော်တို့ အသင်းမှာ အရမ်းကို အရည်အချင်း ပြည့်ဝတဲ့ ကစားသမားတွေ ရှိပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ဟာ မှန်ကန်တဲ့ ပြောင်းရွှေ့ကြေး ပမာဏရရင် ပြီးတော့ ကျွန်တော်တို့ အသင်းက ရောင်းချသင့်တယ် လို့ ယူဆတဲ့ ကစားသမား ဆိုရင် အသင်းရဲ့ အဓိက ကစားသမား ဖြစ်နေပါစေ ရောင်းချသွားမှာပါ။ (အူပါမီကာနိုကို ရည်ရွယ်လျက်) တီမိုဗာနာ ၊ ကွန်ဟ ၊ နာဘီကီတာ ၊ ဒန်မီ စတဲ့ ကစားသမားတွေကို ရောင်းချတဲ့ အချိန်တုန်းကလည်း ကျွန်တော်တို့ အသင်းဟာ ငွေကြေး အမြတ်အစွန်း အများကြီး ရခဲ့သလို အဲ့ဒါတွေကို အသင်းရဲ့ အားကစားနဲ့ ဆိုင်တဲ့ ကိစ္စတွေမှာ ပြန်ပြီး အသုံးချခဲ့ပါတယ်” လို့ ပြောကြား သွားပါတယ်။

The post နွေရာသီမှာ အူပါမီကာနိုကို ရောင်းချဖွယ် ရှိကြောင်း လိုက်ပ်ဇက် CEO အတည်ပြု appeared first on MySport Myanmar.