ချယ်လ်ဆီးအသင်းရဲ့ နည်းပြဟောင်းတစ်ယောက်ဖြစ်ခဲ့ဖူးတဲ့ နာမည်ကျော်နည်းပြကြီး ဂူဟစ်ဒင့်ကတော့ လတ်တလောမှာ ရလဒ်တွေ ဆက်တိုက်ဆိုးရွှားနေလို့ အသင်းကနေ ထုတ်ပယ်ခံရဖို့ ရေပန်းအစားဆုံး ဖြစ်နေရတဲ့ ချယ်လ်ဆီးနည်းပြ ဖရန့်လမ်းပတ်ကို ထောက်ခံအားပေးမှုတွေ ပြုလုပ်သွားခဲ့ပြီး ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့စျေးကွက်အတွင်း အသင်းအတွက် ပြောင်းရွှေ့ကြေးများစွာ သုံးစွဲခဲ့ရခြင်းမှာ သူ့အပြင် အသင်းရဲ့တာဝန်ရှိသူတွေအားလုံးပါ ပါဝင်ပတ်သတ်တယ်ဆိုပေမယ့် တခုခုဆိုရင် နည်းပြကပဲ တာဝန်ခံရသလို ဖြစ်ရတတ်တာကိုလည်း လမ်းပတ်နားလည်ထားမှာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

Photo Credit : Goal

ချယ်လ်ဆီးအသင်းဟာ မနေ့ညက ကစားခဲ့တဲ့ အက်အေဖလားပွဲစဉ်မတိုင်ခင် နောက်ဆုံးကစားထားခဲ့တဲ့ ပြိုင်ပွဲစုံ(၁၀)ပွဲအတွင်းမှာ နိုင်ပွဲက(၃)ပွဲသာ ရယူထားနိုင်ခဲ့ပြီး ရှုံးပွဲ(၅)ပွဲနဲ့ သရေပွဲက (၂)ပွဲရှိခဲ့ရပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာလည်း အဆင့်(၉)နေရာကို ရောက်ရှိလို့နေပြီး ထိပ်ဆုံးက မန်ချက်စတာယူနိုက်တက်အသင်းနဲ့ပါ (၁၁)မှတ်အထိကို ကွာဟလျက်ရှိနေပါတယ်။ ဒီလို အခြေအနေတွေကြောင့်ပဲ လမ်းပတ်ရဲ့အနာဂတ်က မှေးမှိန်လာခဲ့ရကာ သူ့ကိုထုတ်ပယ်ပြီး အသင်းရဲ့နည်းပြဟောင်းဖြစ်ခဲ့တဲ့ ဂူဟစ်ဒင့်နဲ့ အစားထိုးသွားမယ်ဆိုတဲ့ သတင်းတွေပါ ထွက်ပေါ်လာခဲ့ရပါတယ်။

Photo Credit : Goal

ဒါပေမယ့် ဂူဟစ်ဒင့်က သူရဲ့တပည့်ဟောင်းဖြစ်ခဲ့တဲ့ လမ်းပတ်နဲ့ပတ်သက်ပြီး “ကစားသမားသစ်တွေကို အသင်းအတွက် ခေါ်ယူတဲ့အခါမျိုးမှာ ဒီကိစ္စနဲ့ပတ်သက်လို့ တာဝန်ယူရှိတဲ့ အများကြီးပါပဲ။ နည်းပြကလည်း ဒီကိစ္စရဲ့ အရေးပါတဲ့ အစိတ်အပိုင်းမှာ ပါဝင်လို့နေပါတယ်။ ဒါပေမယ့် အသင်းရဲ့ မူဝါဒကလည်း သင်အနေနဲ့ ဘယ်လိုပုံစံကစားသမားမျိုးကို အသင်းဆီ အရခေါ်ယူဖို့အတွက် စွဲဆောင်ရမလဲဆိုတာကို ဆုံးဖြတ်ပေးပါလိမ့်မယ်။ ဆုံးဖြတ်ချက်တစ်ခုကို မချမှတ်ခင်မှာ စဉ်းစားရမယ့် ကိစ္စရပ်တွေကလည်း အများကြီးပါပဲ။ ဒါပေမယ့် ဒီလိုကစားသမားတွေကို ခေါ်ယူလိုက်ပြီး နောက်ဆက်တွဲရရှိလာမယ့် အကျိုးကျေးဇူးတွေနဲ့ ပတ်သတ်လို့ကတော့ အဓိကတာဝန်ရှိသူဖြစ်သွားမှာက နည်းပြပါပဲ။ ဒါကို ဖရန့်လည်း နားလည်ထားမှာပါ။ ဖရန့်က ရိုးသားတယ်။ ပွင့်လင်းတယ်။ သူက ဒီအသင်းရဲ့ တကယ့်ကစားသမားတစ်ယောက် ဖြစ်ခဲ့တယ်။ သူအခု ရှုံးပွဲတွေကို စတင်ကြုံတွေ့နေရချိန်မှာ စိုးရိမ်ပူပန်မှုတွေ ရှိလာတတ်တာ သဘာဝပါပဲ။ ဒါပေမယ့် သူဒီအခြေအနေအပေါ်မှာ ပြာယာခတ်နေမယ်လို့ ကျွန်တော်မထင်ဘူး။ သူက တည်ငြိမ်တယ်။ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိတယ်။ သူ ဘယ်လိုနည်းပြတစ်ယောက်ဆိုတာကိုပါ သက်သေပြထားခဲ့တာပဲ။ အခုက သူ့အတွက် ခက်ခဲဆုံးအချိန်ဖြစ်နေတယ်ဆိုပေမယ့် ဆက်လက်ပြီး တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်သွားဖို့သာ အရေးကြီးပါတယ်” လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

The post အနာဂတ်မရေမရာ ဖြစ်နေရတဲ့ လမ်းပတ်ဘက်ကို ထောက်ခံပြောဆိုမှုတွေ ပြုလုပ်လာခဲ့တဲ့ နည်းပြဟောင်းဟစ်ဒင့် appeared first on MySport Myanmar.