ချယ်လ်ဆီး အသင်း ရဲ့ နည်းပြ ဖြစ်သူ ဖရန့် လမ်းပတ် ဟာ အက်ဖ်အေဖလား တတိယအဆင့် ပွဲစဉ်အဖြစ် မိုကမ်ဘီ အသင်းကို ၄ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်အပြီးမှာ သူ့ရဲ့ ကစားသမားတွေဖြစ်ကြတဲ့ ကိုင် ဟာဗက် နဲ့ တီမို ဗာနာ တို့နှစ်ဦးအပေါ် ဝေဖန်နေတာတွေ နဲ့ ပတ်သက်ပြီး ကာကွယ်ပြောဆိုပေးသွားခဲ့ပြီးတော့ ချယ်လ်ဆီး အသင်းရဲ့ ဂန္တဝင်တစ်ဦးဖြစ်တဲ့ အီဒင် ဟာဇက် နဲ့ ခိုင်းနှိုင်းကာ ဥပမာပေး ပြောဆိုသွားခဲ့ပါတယ်။ နွေရာသီအပြောင်းအရွှေ့ကမှ အသစ်စက်စက် ခေါ်ယူထားကြတဲ့ ကစားသမားတွေ ဖြစ်ကြတဲ့ ဟားဗက်နဲ့ ဗာနာ တို့နှစ်ဦးဟာ မကြာသေးခင်အချိန်က အတော်လေးရုန်းကန် ခဲ့ရပြီးတော့ ဝေဖန်မှု အမျိုးမျိုး ခံခဲ့ရတဲ့ ကစားသမားတွေ ဖြစ်ကြပါတယ်။

Photo Credit: TeamTalk

ဒါပေမယ့်လည်း ဟားဗက် နဲ့ ဗာနာ တို့နှစ်ဦးစလုံးဟာ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ အက်ဖ်အေ ဖလားပွဲစဉ်မှာ အသင်းအတွက် သွင်းဂိုးတွေ ပြန်လည်သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဗာနာ ရဲ့ သွင်းဂိုးဟာ နောက်ဆုံးကစားထားတဲ့ ပြိုင်ပွဲစုံ ၁၃ ပွဲမှာ ပထမဆုံး သွင်းဂိုး ဖြစ်လာခဲ့သလို ဟားဗက် အနေနဲ့လည်း ရာသီအစပိုင်းလောက်က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတာကြောင့် ပရီးမီးယားလိဂ်မှာ လွှမ်းမိုးနိုင်ဖို့ အတွက် ရုန်းကန် ခဲ့ရပါတယ်။ အဆိုပါ ကစားသမားနှစ်ဦးရဲ့ အခြေအနေတွေက နည်းပြ လမ်းပတ် အတွက် ဖိအားတွေ အကြီးအကျယ် ဝင်စေခဲ့တယ် ဆိုတာတော့ သေချာပါတယ်။ အကြောင်းအရင်း ကတော့ လမ်းပတ် အနေနဲ့ ပြောင်းရွှေ့ကြေးအဖြစ် ဟားဗက် ကို ပေါင် ၇၂သန်းနဲ့ ဗာနာကို ပေါင် ၄၈သန်း ပေးချေထားရတာကြောင့် ဖြစ်ပါတယ်။

Photo Credit: TeamTalk

လမ်းပတ်က ပွဲအပြီးမှာ ဟာဇက် အနေနဲ့လည်း အသင်းရဲ့ အကောင်းဆုံး ကစားသမားတစ်ဦး ဖြစ်လာဖို့ အတွက် စတန်းဖို့ဒ်ဘရစ်ဂ်ျမှာ အချိန်ပေးခဲ့ရကြောင်းနဲ့ ဗာနာနဲ့ ဟားဗက်တို့ နှစ်ဦးကလည်း အလားတူပဲ ဖြစ်လိမ့်မယ်လို့ ထောက်ပြပြောဆိုခဲ့ပါတယ်။ “ သူတို့နှစ်ဦးကို မေးခွန်းထုတ်နေတဲ့သူတွေ အနေနဲ့ ဒီနိုင်ငံမှာ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ထိပ်တန်း ကစားသမား ဖြစ်လာတဲ့ ကစားသမားတွေကို ကြည့်စေချင်တယ်။ အီဒင် ဟာဇက်က အကောင်းဆုံး ဥပမာပါပဲ။ သူ ဒီကိုရောက်လာခဲ့ပြီးတော့ ကျွန်တော်တို့ရဲ့ အကောင်းဆုံး ကစားသမားဖြစ်လာခဲ့တယ်။ အဲ့ဒါက ဒီလို လိဂ်မျိုးအတွက် လွယ်ကူတဲ့ အသွင်ကူးပြောင်းမှု မဟုတ်ပါဘူး။ ဒါက ခက်ခဲတဲ့လိဂ်ပါ၊ ပြီးတော့ သူတို့ကို မေးခွန်းထုတ်နေတဲ့ သူတွေအနေနဲ့ သူတို့နှစ်ယောက်ကို အချိန်ပေးသင့်တယ် ထင်တယ်။ ဘာလို့လဲဆိုရင် သူတို့က ကောင်းတဲ့ ကစားသမားတွေ ဖြစ်ပြီးတော့၊ ကျွန်တော်တို့ သူတို့ကို အခုအတွက်ကော၊ နောင်အနာဂါတ် အတွက်ကော ခေါ်ထားတာပါ။ ကျွန်တော်တို့ နေထိုင်နေတာက ကမ္ဘာကြီးမလို့ ကျွန်တော် မေးခွန်းတွေကို နားလည်ပါတယ်။ သူတို့က အသင်းအတွက် ကစားသမားကောင်းကြီးတွေ ဖြစ်လာလိမ့်မယ် ဆိုတာ သက်သေပြပါလိမ့်မယ် ” လို့ ပြောဆိုခဲ့ပါတယ်။

The post ဟာဇက်ကို ဥပမာပေးကာ ရုန်းကန်နေရတဲ့ ဟားဗက်နဲ့ ဗာနာကို ကာကွယ်ခဲ့တဲ့ လမ်းပတ် appeared first on MySport Myanmar.