ဘာစီလိုနာ အသင်းရဲ့ နည်းပြ ဖြစ်သူ ရော်နယ် ကိုးမန်း က လီယွန်မယ် မက်ဆီ ရဲ့ အနီကတ် ပြသခံခဲ့ရတဲ့ အခြေအနေနဲ့ ဘာစီလိုနာ ရဲ့ အသလက်တစ် ဘီလ်ဘာအို အသင်းကို ရှုံးနိမ့်ခဲ့ရတဲ့ ပွဲစဉ် အတွက် ကာကွယ်ပြောဆိုသွားခဲ့ပါတယ်။ လီယွန်နယ် မက်ဆီ အနေနဲ့ မနေ့ညက ဘီလ်ဘာအို အသင်းကို ၃ ဂိုး-၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ စူပါဖလား ဖိုင်နယ် ပွဲစဉ်မှာ ၁၇ နှစ်တာ ကာလ ကစားသမားဘဝ အတွင်း ပထမဆုံးသော အနီကတ် ပြသခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။ ဒုတိယပိုင်း အပိုချိန်လောက်မှာ အသလက်တစ် စတား အီနာကီ ဝီလီယံစ် က တတိယမြောက် သွင်းဂိုး သွင်းယူပြီးနောက်မှာ မက်ဆီ အနေနဲ့ အာစီရဲ ဗီလာလီးဘရေး အပေါ်ကို ကစားပုံ ကြမ်းတမ်းခဲ့တာ ဖြစ်ပါတယ်။

Photo Credit: 90 Mins

အဆိုပါ အခြေအနေကို ကွင်းလယ်ဒိုင် ဂျီးဆပ် ဂဲလ် မန်ဇာနို က VAR ကနေ တဆင့်ပြန်လည်ကြည့်ရှုပြီးတော့ တိုက်ရိုက် အနီကတ် ပြသခဲ့တာ ဖြစ်ပါတယ်။ လီယွန်နယ် မက်ဆီ အနေနဲ့ အဆိုပါ အနီကတ်ကြောင့် ပွဲပယ်ပြစ်ဒဏ်ရှည် ကျခံသွားရဖွယ်ရှိနေပါတယ်၊ ဒါပေမယ့်လည်း ‌ကိုးမန်းကတော့ မက်ဆီ နဲ့ ပတ်သက်ပြီး အခုလို ကာကွယ်ပြောဆိုသွားခဲ့ပါတယ်။ “ မက်ဆီ လုပ်ခဲ့တာနဲ့ ပတ်သက်ပြီး ကျွန်တော် နားလည်နိုင်ပါတယ်။ သူတို့ မက်ဆီ အပေါ် ပြစ်ဒဏ်ကျုးလွန်တာ ဘယ်နှကြိမ်လဲဆိုတာ ကျွန်တော် မသိပါဘူး၊ ပြီးတော့ ဘောလုံးကို ဆွဲသယ် သွားဖို့ ကြိုးစားနေတဲ့ ကစားသမား တစ်ယောက်အဖို့ အဲ့ဒီလို ဆက်ပြီးတော့ ပြစ်ဒဏ်ကျုးလွန်ခံနေရရင် အဲ့ဒီလို တုံ့ပြန်မိတာက သာမန်ပါပဲ၊ ဒါပေမယ့် ကျွန်တော် အဲ့ဒီ အဖြစ်အပျက်ကို သေချာပြန်ကြည့်ဖို့ လိုပါသေးတယ် ”

Photo Credit: 90 Mins

လီယွန်နယ် မက်ဆီ ဟာ မကြာသေးခင်ကမှ အသေးစား ဒဏ်ရာပြဿနာကနေ ပြန်လည် သက်သာလာခဲ့တာ ဖြစ်ကာ သူ့ရဲ့ ဘာစီလိုနာ ကစားသမားဘဝ ၇၅၃ ပွဲမြောက် ပွဲစဉ်မှာ ပွဲထွက်ကစားခွင့်ရရှိခဲ့တာ ဖြစ်ပြီးတော့ ဘီလ်ဘာအို အသင်းဘက်ကနေ ၈ ကြိမ်လောက် ပြစ်ဒဏ်ကျုးလွန်ခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။ ဆက်လက်ပြီး ကိုးမန်းက “ ဘောလုံးလောကထဲမှာ နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ဖူးတဲ့ လီယို အဖို့တော့ သူ အခြေအနေထဲမှာ ရှိနေလား၊ ရှိမနေဘူးလားဆိုတာကို သူ ကောင်းကောင်းကြီး သိပါတယ်။ ပွဲမတိုင်ခင်၊ သူ ဒီပွဲစဉ်ကို ကစားနိုင်တဲ့ အခြေအနေမှာ ရှိနေတယ်လို့ ပြောခဲ့ပါတယ်။ သူက သူ့ရဲ့ အကောင်းဆုံးပုံစံကို ပေးခဲ့တာပါ၊ အခြား ဘာစိတ်ကူးမှ မရှိခဲ့ပါဘူး။ ရလဒ် အတွက် ကျွန်တော်တို့ ဝမ်းနည်း စိတ်ပျက်မိပါတယ်။ ကျွန်တော်တို့ ဖိုင်နယ်ပွဲကို ကစားရတဲ့ ရည်ရွယ်ချက်က အနိုင်ရဖို့ပါ၊ ရှုံးဖို့ မဟုတ်ပါဘူး။ ဒါပေမယ့် စိတ်ပျက်နေဖို့ အချိန်မရှိပါဘူး။ ကျွန‌်တော်တို့ မကြာခင်မှာပဲ ဖလားပွဲစဉ် တစ်ပွဲနဲ့ လိဂ်ပွဲစဉ် တစ်ပွဲကို ကစားရတော့မယ်၊ နောင်တ ရနေဖို့ အချိန်မရှိပါဘူး။ ကျွန်တော့်ရဲ့ အလုပ် အတွက်တော့ တတ်နိုင်သမျှ အကောင်းဆုံး လုပ်ပေးထားတာပါ။ အကယ်၍ နိုင်ခဲ့ရင်၊ ကျွန်တော့်ရဲ့ စွမ်းဆောင်ရည်က သိပ်မကောင်းပါဘူး၊ ရှုံးနိမ့်ခဲ့ရင်လည်း စွမ်းဆောင်ရည်က ဆိုးဝါး မနေပါဘူး။ ဒီနေ့ ရှုံးပွဲက ခက်ခဲပေမယ့်လည်း ကျွန်တော်တို့ ကောင်းတဲ့ အရာတွေ အများကြီးရှိတဲ့ လမ်းမှန်ပေါ်ကို ရောက်နေပါပြီ ” လို့ ပြောဆိုသွားခဲ့ပါတယ်။

The post အနီကတ် ပြသခံခဲ့ရတဲ့ မက်ဆီဘက်ကနေ ကာကွယ် ပြောဆိုပေးခဲ့တဲ့ ကိုးမန်း appeared first on MySport Myanmar.