အင်္ဂလန် ပရီးမီးယားလိဂ် ရဲ့ အင်အားကြီး အသင်းတစ်သင်းဖြစ်တဲ့ လီဗာပူးအသင်းဟာ ဗဟိုခံစစ် ကစားသမား လိုအပ်ချက် ရှိနေပေမယ့်လည်း ယခု ဇန်နဝါရီ အပြောင်းအရွှေ့မှာတော့ ခေါ်ယူနိုင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။ အသင်းပိုင်ရှင်တွေ ဖြစ်ကြတဲ့ Fenway Sports Group က အသင်းရဲ့ အကောင်းဆုံး အကျိုးစီးပွားအတွက်သာ ဆောင်ရွက်နေတာ ဖြစ်တာကြောင့် လီဗာပူး အသင်းအနေနဲ့ ဇန်နဝါရီ မှာ အပြောင်းအရွှေ့ ဈေးကွက်ထဲကို မဝင်ရောက်ရတာဟာ ပြဿနာ မရှိဘူးလို့ နည်းပြ ကလော့ပ် က ပြောဆိုလိုက်ပါတယ်။ အဓိက ခံစစ်ကစားသမားတွေ ဖြစ်ကြတဲ့ ဗာဂျယ်ဗန်ဒိုက်၊ ဂျိုးဂိုးမက်ဇ် တို့က ကာလကြာရှည်အနားယူနေရသလို၊ ဂျိုးလ်မာတစ်ကလည်း အပြည့်အဝ ကြံ့ခိုင်ဖို့ ရုန်းကန်နေသေးတာကြောင့် ပရီးမီးယားလိဂ် လက်ရှိ ချန်ပီယံ လီဗာပူး အသင်းအတွက်တော့ ဒီရာသီ ခံစစ်ပိုင်းက ဒဏ်ရာပြဿနာတွေ နဲ့ ထိုးနှက်ခံနေရတယ်လို့ ဆိုရပါမယ်။

Photo Credit: Standard

ဒါပေမယ့်လည်း နည်းပြ ကလော့ပ် အနေနဲ့ အခုလက်ရှိ အပြောင်းအရွှေ့မှာ ကစားသမား ခေါ်ယူခွင့်ရရှိမှာ မဟုတ်သေးပါဘူး။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် အသင်းရဲ့ ငွေကြေးပိုင်းဆိုင်ရာမှာ မထိခိုက်ခဲ့ပေမယ့်လည်း ကလော့ပ် ကတော့ အခုလို အချိန်မျိုးမှာ စီးပွားရေးလုပ်ရတာ ခက်ခဲတယ်ဆိုတာကို နားလည်ကြောင်း ပြောဆိုပါတယ်။ “ အဲ့ဒါက လုံးဝ ရှင်းပါတယ်၊ ကျွန်တော်တို့ အားလုံး အမှတ်ပေးဇယား အပေါ်မှာပဲ အာရုံစိုက်ပြီး ကြိုးစားခဲ့ကြတယ်။ ကျွန်တော်တို့ လိုချင်တဲ့ ပမာဏအတိုင်း ပိုက်ဆံ ရှိမနေတဲ့ အတွက်တော့ အခု ဇန်နဝါရီ အပြောင်းအရွှေ့က အလွယ်ကူဆုံး အပြောင်းအရွှေ့ ကာလတော့ မဟုတ်ပါဘူး။ ဒီ အပြောင်းအရွှေ့က တစ်ခြားအသင်းတွေ အတွက်တော့ ‘ မဟုတ်ဘူး၊ ရှင်သန်ဖို့ အတွက် ငါတို့မှာ ပိုက်ဆံ အလုံအလောက် ရှိဖို့ လိုတယ် ’ လို့ ပြောတဲ့ ကာလ တစ်ခုပါပဲ။ ဒါကြောင့်မို့ ကျွန်တော်တို့ ပစ်မှတ်ထား စောင့်ကြည့်နေတဲ့ ကစားသမားတွေနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ ဘာမှ လုပ်သွားမှာ မဟုတ်ပါဘူး ”

Photo Credit: Standard

“ အဲ့ဒါက ကျွန်တော်တို့ရဲ့ ဆုဖလားတွေ ရနိုင်ချေရှိတဲ့ အခွင့်အရေးတွေ အပေါ် သက်ရောက်မှု ရှိနိုင်လား ဆိုတာနဲ့ ပတ်သက်ပြီး စိတ်ပူနေစရာ မလိုအပ်ပါဘူး။ ဒါတွေက အချက်အလက် သက်သက်ပဲလေ။ ကျွန်တော့်ရဲ့ အလုပ်က ကျွန်တော် အမြဲလုပ်နေတဲ့ အရာတွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကိုင်တွယ်ဖြေရှင်းဖို့ပါပဲ။ အကယ်၍သာ တစ်ကမ္ဘာလုံး လုံးဝ သာမန် အခြေအနေမျိုးမှာ ရှိနေမယ်ဆိုရင် ကျွန်တော်တို့ အခုချက်ချင်း လုပ်သင့်တာ မှန်သမျှကို လုပ်မှာပါ၊ ဒါပေမယ့် တစ်ကမ္ဘာလုံးက သာမန် အခြေအနေမှာ ရှိမနေပါဘူး။ ကျွန်တော်တို့ အားလုံးက ဘောလုံး‌လောကကို ပတ်ဝန်းကျင်မှာ ဖြစ်နေတဲ့ ပြဿနာတွေ နဲ့ ပတ်သက်ပြီး မသက်ဆိုင်ဘူးလို့ ဘာလို့ တွေးနေကြတာလဲ ကျွန်တော်တော့ မသိတော့ဘူး။ ကောင်းခဲ့တဲ့ အချိန်တွေတုန်းမှာ လူတိုင်းက ကျွန်တော်တို့ရဲ့ အသင်းပိုင်ရှင်တွေကို အတော်လေး ရက်ရောကြတယ်လို့ တွေးကြတယ်၊ ‘ ဘာဖြစ်နေဖြစ်နေ၊ ကြီးကြီးမားမား ခေါ်ယူမှု လုပ်လိုက်ပြန်ပြီ ’ ဆိုတာမျိုးပေါ့။ အခုလို အခြေအနေဆိုးနေတဲ့ အချိန်မှာတော့ လူတိုင်းက သူတို့ကို အလွန် ကပ်‌စေးနည်းတဲ့ သူတွေလို့ မြင်ကြတယ်။ ဘာလို့လဲဆိုရင် သူတို့က အခြားနိုင်ငံကလူမို့လို့ ထင်ကြတယ်။ ဒါပေမယ့် သူတို့က ကပ်စေးမနည်းကြပါဘူး။ သူတို့ အသင်းရဲ့ အခြေအနေနဲ့ အသင်းရဲ့ အောင်မြင်မှုနဲ့ ပတ်သက်ပြီး လုံးဝကို စိုးရိမ်နေကြတာပါ။ ဒါက ကျွန်တော်တို့ကြားမှာ ဘယ်လိုနားလည်မှု ရှိလဲဆိုတာပါပဲ။ ကစားသမားတွေ ရဲ့ လိုအပ်ချက်နဲ့ ပတ်သက်ပြီး ကျွန်တော်မြင်သလို သူတို့လည်း မြင်ကြပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။

The post ဇန်နဝါရီမှာ ကစားသမားသစ် ခေါ်ယူမှာ မဟုတ်ကြောင်း အတည်ပြုလိုက်တဲ့ ကလော့ပ် appeared first on MySport Myanmar.