မနေ့ညက အိုးထရက်ဖိုဒ့်ကွင်းမှာ ယှဉ်ပြိုင်ခဲ့ကြတဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ လီဗာပူးလ်အသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်းမှာ ဧည့်သည်လီဗာပူးလ်အသင်းက ယူနိုက်တက်ကို (၂)ဂိုး (၄)ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် အဆင့်(၄)အတွင်းကို ဝင်ရောက်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ကို ရယူနိုင်ဖို့ မျှော်လင့်ချက်တွေ ရှင်သန်လာခဲ့ရပါတယ်။ ဒါပေမယ့် ဒီပွဲမှာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်လာရခြင်းမရှိတဲ့ လီဗာပူးလ်တောင်ပံကစားသမား ဆာဒီယိုမာနေးကတော့ သူ့ကို ချန်လှပ်ဖို့ ဆုံးဖြတ်ခဲ့တဲ့ နည်းပြယာဂင်ကလော့ပ်အပေါ် မကျေနပ်တဲ့ အမှုအယာတွေ ပြုလုပ်သွားခဲ့ပါတယ်။

Photo Credit : Goal

လီဗာပူးလ်နည်းပြ ကလော့ပ်ဟာ ယူနိုက်တက်နဲ့ပွဲစဉ်မှာ တိုက်စစ်ပိုင်းအတွက် မိုဟာမက်ဆာလာ ရောဘတ်တိုဖေမီနိုနဲ့ ဒီယေဂိုဂျိုတာတို့ကို အသုံးပြုလာခဲ့ပြီး ဆာဒီယိုမာနေးကိုတော့ အရန်လူစာရင်းထဲမှာပဲ ထည့်သွင်းထားခဲ့ကာ ဒုတိယပိုင်း ပွဲကစားချိန်အတွင်းမှသာ ပွဲအတွင်းကို ဝင်ကစားခိုင်းခဲ့ပါတယ်။ ဒါကို မကျေမနပ် ဖြစ်နေရတဲ့ မာနေးဟာ ပွဲအပြီးမှာတော့ နည်းပြကလော့နဲ့ နှုတ်ဆက်ဖို့ကို ငြင်းပယ်သွားခဲ့ပြီး စိတ်ဆိုးစိတ်ပျက်နေတဲ့ အမှုအယာကိုသာ လုပ်ဆောင်သွားခဲ့ပါတယ်။ ဒီလို ပြုမှုခဲ့တဲ့ မာနေးကို Sky Sport ရုပ်သံမှာ ဘောလုံးပွဲသုံးသပ်သူအဖြစ် ဆောင်ရွှက်နေကြတဲ့ ရွိုင်ကိန်းနဲ့ ဂရေမီဆောင်းနက်စ်တို့က အသီးသီး ပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။

Photo Credit : Pundit Arena

အခုလို မာနေးရဲ့ အပြုအမှုနဲ့ပတ်သက်ပြီး နှစ်ဦးကြားမှာ မပြေလည်တဲ့ ဆက်ဆံရေးမျိုး ရှိနေမလားလို့ မေးမြန်းလာခဲ့ရာ ယာဂင်ကလော့ပ်က “ဘာပြသာနာမှရယ် မရှိပါဘူး။ ဘာမှကို ပြသာနာမရှိပါဘူး။ မနေ့တုန်းကတော့ လေ့ကျင့်ခန်းအစီအစဉ်အတွင်း နောက်ကျမှ ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ခဲ့ပြီး ပွဲထွက်လူစာရင်းမှာ ဂျိုတာကို ထည့်သွင်းဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒီလို ဆုံးဖြတ်လိုက်တိုင်း ကျွန်တော်ရဲ့ ကစားသမားတွေကို အမြဲရှင်းပြ ပြောဆိုခဲ့တယ်။ ဒါပေမယ့် ကျွန်တော်အချိန်မရလိုက်ဘူး။ အားလုံးကတော့ အဆင်ပြေပါတယ်။ ကျွန်တော် အပြောင်းအလဲလေးတွေ အနည်းငယ်ကို ကပ်မှထလိုက်ခဲ့ရတယ်။ ဒါကို ကစားသမားတွေကို ရှင်းပြခဲ့ရမှာဖြစ်ပေမယ့် ကျွန်တော်မှာ အချိန်မရှိလို့ မရှင်းပြလိုက်ရပဲ မေ့လျော့သွားခဲ့ရတယ်။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ်ပါ။ ဒါက ပြီးသွားခဲ့ပြီပဲ။ အားလုံးက အဆင်ပြေနေပါတယ်” လို့ ရှင်းလင်း ဖြေဆိုသွားခဲ့ပါတယ်။ ဒီပွဲစဉ်မှာ ဒီရာသီအတွင်း ဂိုးသွင်းစွမ်းရည် ကျဆင်းနေတဲ့ တိုက်စစ်မှူး ဖေမနိုကတော့ လီဗာပူးလ်အသင်းအတွက် အရေးပါတဲ့ သွင်းဂိုး(၂)ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

The post သူနဲ့ မာနေးရဲ့ကြားမှာ ဘာပြသာနာမှ ရှိမနေဘူးလို့ ယာဂင်ကလော့ပ် ရှင်းလင်းပြောဆို appeared first on MySport Myanmar.