လီဗာပူးလ်အသင်းနည်းပြ ယာဂင်ကလော့ပ်က ဒီနှစ်ဘောလုံးရာသီအတွင်းမှာ ခြေစွမ်းပြပြီး ဂိုးတွေသွင်းယူဖို့အတွက် ရုန်းကန်နေရတဲ့ အသင်းရဲ့ တိုက်စစ်ကစားသမား ရောဘတ်တိုဖေမီနိုရဲ့ တိုက်စစ်စွမ်းဆာင်ရည်ပိုင်း ကျဆင်းလာခဲ့ရမှုအကြောင်းတွေကို ရှင်းလင်းပြောဆိုသွားခဲ့သလို သူရဲ့ကစားသမားအနေနဲ့ မကြာခင်မှာ အရင်လို ခြေစွမ်းကောင်းမျိုးတွေ ပြန်လည်ပြသနိုင်လိမ့်မယ်လို့ ကလော့ပ်က ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Goal

ယခင်က လီဗာပူးလ်ရဲ့တိုက်စစ်မှာ ဆာဒီယိုမာနေး မိုဟာမက်ဆာလာတို့နဲ့ တွဲဖက်ပြီး သွင်းဂိုးတွေများစွာကို သွင်းယူနိုင်ခဲ့တဲ့ ဘရာဇီးတိုက်စစ်ကစားသမား ဖေမီနိုဟာ ဒီရာသီမှာတော့ သူရဲ့သွင်းဂိုးအရေအတွက်တွေက သိသိသာသာ ကျဆင်းလာခဲ့ရကာ ပြိုင်ပွဲစုံ (၄၃)ပွဲအတွင်းမှာတောင် သွင်းဂိုးက (၆)ဂိုးပဲ ရှိထားခဲ့တဲ့အထိကို တိုက်စစ်စွမ်းဆောင်ရည် ကျဆင်းသွားခဲ့ရပါတယ်။ ဒါပေမယ့် ဖေမီနိုအနေနဲ့ ဒီလို သွင်းဂိုးတွေ ကျဆင်းလာခဲ့တာဟာ အသင်းမှာ အဓိက ခံစစ်ကစားသမားတွေ မကြာခဏဆိုသလို ဒဏ်ရာအနာတရတွေ ရင်ဆိုင်ခဲ့ရတာကြောင့် အသင်းရဲ့ တခြားကစားသမားတွေကပါ ခံစစ်ကို ကူပြီးကစားရခြင်းကြောင့်သာဖြစ်တယ်လို့ နည်းပြကလော့ပ်က ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

Photo Credit : AS English

ကလော့ပ်က “ဖေမီနိုရဲ့ Form က ဒီရာသီအတွင်းမှာဆိုရင် ရောထွေးနေတယ်။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့က စိတ်ကူးယဉ်ဆန်ဆန် နေရာလေးတစ်ခု မဟုတ်ပါဘူး။ ခင်ဗျားအနေနဲ့ ဒီလိုအခြေအနေမျိုးကနေ ဖြတ်ကျော်သွားနိုင်ရပါမယ်။ ဒါပေမယ့် ဒီလိုဖြစ်တာကလည်း အချိန်အတိုင်းအတာအရဆို ယာယီလောက်ပါပဲ။ ထာဝရ ဖြစ်သွားမှာမျိုး မဟုတ်ပါဘူး။ ဒါနဲ့ပတ်သက်ပြီးတော့ သံသယဝင်စရာ မရှိပါဘူး။ ဖေမီနိုက မအိုမင်းသေးသလို ပင်ပန်းနွမ်းနွယ်နေတာမျိုးလည်း မရှိဘူး။ သူဘယ်လို လုပ်ဆောင်နိုင်လဲဆိုတာကို လေ့ကျင့်ရေးကွင်းမှာ ငါတို့တွေ မြင်တွေ့နေနိုင်တာပဲ။ ဒါပေမယ့် သူ့ကိုတော့ ကွင်းထဲမှာ များများကစားခိုင်းဖို့ကိုတော့ ငါတို့လုပ်ဆောင်ပေးရမယ်။ ဒါက ဖေမီနိုတစ်ယောက်တည်းမှ မဟုတ်ပါဘူး။ တခြားကစားသမားဆိုရင်လည်း ဒီလိုလုပ်ဆောင်ပေးရမှာပါ။ ဒဏ်ရာပြသာနာတွေကြောင့် ကျွန်တော်တို့ဘက်ကနေ ခံစစ်ပိုင်းနဲ့ တည်ငြိမ်မှုပိုင်းတွေမှာ အားလျော့လာခဲ့မယ်ဆိုရင် အသင်းက ကစားသမားတိုင်းက အသင်းရဲ့ခံစစ်ကို ကူပြီးဆော့ပေးရမယ့် တာဝန်တစ်ခုပါ ပိုသွားခဲ့ရတယ်။ ဒီလိုမျိုးတွေ ဖြစ်လာတဲ့အခါမှာ တိုက်စစ်ဆင်ကစားဖို့အတွက်ကိုပါ အာရုံစိုက်မှုက လျော့နည်းသွားရတတ်တယ်။ ဖေမီနိုလည်း ဒီလိုကြုံတွေ့နေရတာပါ။ ဒါပေမယ့် သူရဲ့အခြေအနေက ကောင်းမွန်နေပါတယ်။ မကြာခင်မှာပဲ သူရဲ့ခြေစွမ်းအမှန်ကို အားလုံးမြင်တွေ့လာရပါလိမ့်မယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

The post ဒီနှစ်ဘောလုံးရာသီအတွင်း ဖေမီနို ရုန်းကန်နေရတဲ့ အကြောင်းအရင်းကို ကလော့ပ်ရှင်းလင်းပြောဆို appeared first on MySport Myanmar.