လီဗာပူး အသင်းအနေနဲ့ မနေ့ညက အန်ဖီးလ်ဒ်မှာ ၂၀၁၇ ဧပြီလနောက်ပိုင်း ပထမဆုံး ပရီးမီးယားလိဂ် အိမ်ကွင်း ရှုံးပွဲကို ကြုံတွေ့ခဲ့ရပြီးတဲ့နောက်မှာတော့ နည်းပြ ဖြစ်သူ ဂျာဂျန် ကလော့ပ်က ဆုံးဖြတ်ချက် ချတာတွေဟာ ပြဿနာ တစ်ခုဖြစ်ခဲ့တယ်လို့ ဝန်ခံပြောဆိုလိုက်ပါတယ်။ လီဗာပူး အသင်းအနေနဲ့ ဘန်လေ အသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ပရီးမီးယားလိဂ်မှာ ၆၈ ပွဲဆက် ရှုံးပွဲမရှိဆိုတဲ့ စံချိန်ကောင်းတစ်ခု ကျိုးပျက်ခဲ့ရပြီးတော့ ကလော့ပ်က ရှုံးပွဲအတွက် အပြည့်အဝ တာဝန်ယူကြောင်း လက်ခံသွားခဲ့ပါတယ်။ ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ လီဗာပူး အသင်းအနေနဲ့ ဘန်လေနဲ့ ပွဲစဉ်မှာလည်း သွင်းဂိုး မရယူနိုင်ခဲ့တာကြောင့် လေးပွဲဆက် ဂိုးပေါက်ပျောက်ဆုံးတယ် ဆိုတဲ့ မှတ်တမ်းဆိုးကို ရရှိသွားခဲ့ပါတယ်။

Photo Credit: Standard

ဘန်‌လေ အသင်းအတွက် အနိုင်ရရှိစေမယ့် တစ်လုံးတည်းသော သွင်းဂိုးကိုတော့ ပွဲကစားချိန် ၈၃ မိနစ်အရောက်မှာ အက်ရှလေ ဘားနက်စ် က ပင်နယ်တီ က တဆင့် ရယူပေးခဲ့တာကြောင့် လီဗာပူးအသင်းဟာ ပြိုင်ဘက်ကို ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။ လီဗာပူး အသင်းဟာ သူတို့ရဲ့ အိမ်ကွင်းမှာ ရှုံးပွဲမကြုံတွေ့ခဲ့ရတာဟာ လွန်ခဲ့တဲ့ ၃ နှစ် နဲ့ ၂၇၃ ရက်အကြာက ဖြစ်ပြီး၊ လီဗာပူး အသင်းရဲ့ အိမ်ကွင်းမှာ နောက်ဆုံး အနိုင်ရရှိခဲ့တဲ့ အသင်းကတော့ ခရစ္စတယ် ပဲလေ့စ်အသင်းပဲ ဖြစ်ပါတယ်။ လီဗာပူး အသင်းဟာ ဘန်လေ နဲ့ ပွဲစဉ်မှာ ဂိုးပေါက် ခြိမ်းခြောက်မှုပေါင်း စုစုပေါင်း ၂၇ ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပြီးတော့ အဆိုပါ ပမာဏဟာ ၂၀၁၃ ဧပြီ နောက်ပိုင်း တစ်ပွဲတည်း မှာအများဆုံးပြုလုပ်နိုင်တဲ့ ပမာဏလည်း ဖြစ်လာခဲ့ပါတယ်၊ ဒါ့အပြင် ဘောလုံးပိုင်ဆိုင်မှု ပိုင်းမှာလည်း ၇၂ % အထိ ရရှိခဲ့ပေမယ့် ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit: Standard

နည်းပြဖြစ်သူ ကလော့ပ်ကတော့ အဆိုပါ ရှုံးပွဲနဲ့ ပတ်သက်ပြီး အခုလို ပြောဆိုခဲ့ပါတယ်။ “ ကျွန်တော်တို့ ရှုံးနိမ်ခဲ့ပါတယ်။ ကျွန်တော်တို့ ရှုံးနိမ့်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ ထင်ခဲ့ပေမယ့်လည်း ရှုံးနိမ့်ခဲ့ရပါတယ်။ ရှုံးရတာက ကျွန်တော့်ရဲ့ အမှားကြောင့်ပါ၊ ဘာလို့လဲဆိုရင် ကျွန်တော့် တာဝန်က ကောင်လေးတွေ ခံစားချက်ကောင်းကောင်း ရှိနေစေဖို့၊ ယုံကြည်ချက် အပြည့် ရှိနေစေဖို့နဲ့ သူတို့ ဆုံးဖြတ်ချက် အမှန်တွေ ချနိုင်ဖို့ အတွက် လုပ်ပေးရမှာပါ။ ပြီးတော့ အဲ့ဒီအရာတွေ အကုန်လုံးက ဒီညမှာ အလုပ်မဖြစ်ခဲ့ဘူး ထင်တယ်၊ ဘာလို့ဆို ကျွန်တော်တို့မှာ ဘောလုံးပိုင်ဆိုင်မှုတွေ အများကြီးတောင် ရှိခဲ့တယ်လေ။ ကျွန်တော်တို့ အခွင့်အရေးအချို့ ဖန်တီးနိုင်ခဲ့တယ်၊ အဲ့ဒါတွေက အဆင်ပြေပါတယ်၊ ဒါပေမယ့် နောက်ဆုံး မိနစ်မှာတော့ ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်တွေက လုံးဝ သိသိသာသာ မမှန်တော့ပါဘူး၊ အဲ့ဒါကသာ ပြဿနာပါ။ ခင်ဗျားအနေနဲ့ နေရာမှန်မှာ ဘောလုံးရနေမယ်၊ ခင်ဗျား မကန်လိုက်ဘူး၊ အဲ့ဒီနောက် ဘောလုံးကို ပေးပို့လိုက်မယ်၊ ကျွန်တော် အဲ့ဒီအကြောင်းအရာကို အရင်တစ်ပတ်ကလည်း ပြောပြီးပါပြီ၊ ပြဿနာက တစ်ယောက်ယောက်က ကောင်းကောင်း မကစားရင် ခင်ဗျား အနေနဲ့ မကြာခဏဆိုသလို၊ တစ်ကြိမ်ပြီး တစ်ကြိမ် ပိုကြိုးစားပေးပြီးတော့ ပိုကောင်းတဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်ရပါမယ်။ အဲ့ဒီအရာတွေ အကုန်လုံး ဒီည‌ သိသိသာသာ အလုပ်မဖြစ်ခဲ့ဘူး ဆိုတာ ကျွန်တော် ဝန်ခံပါတယ်။ အဲ့ဒါနဲ့ ပတ်သက်ပြီး ပြောစရာ ဘာမှ မရှိတော့ပါဘူး၊ ဒါက ကျွန်တော်တို့ ဘာလို့ ရှုံးနိမ့်ခဲ့ရတာလဲ ဆိုတာပါပဲ ” လို့ ပြောဆို သွားခဲ့ပါတယ်။

The post ဘန်လေကို ရှုံးနိမ့်ခဲ့ရတာဟာ သူ့ရဲ့အမှားကြောင့်ပါလို့ ဝန်ခံသွားခဲ့တဲ့ ကလော့ပ် appeared first on MySport Myanmar.