ဒီနှစ်ဘောလုံးရာသီအတွင်း စပိန်လာလီဂါပြိုင်ပွဲမှာ ဘာစီလိုနာအသင်းက (၃၇)ဂိုးနဲ့ ဂိုးသွင်းအများဆုံး ကလပ်အသင်းအဖြစ် ရပ်တည်လျက်ရှိနေပြီး သူတို့အသင်းရဲ့နောက် ဒုတိယနေရာမှာတော့ ရီးရဲလ်မက်ဒရစ်အသင်းက သွင်းဂိုး(၃၀)နဲ့ ရှိနေရပါတယ်။ ဒီသွင်းဂိုး(၃၀)ထဲမှာတော့ တိုက်စစ်မှူးကာရန်ဘန်ဇီမာ တစ်ဦးတည်းက သွင်းဂိုး(၈)ဂိုးနဲ့ အများဆုံးသွင်းယူထားခဲ့ပြီး သူရဲ့နောက်မှာတော့ မိုဒရစ် ဗယ်ဗာဒီ ကတ်စ်မဲရိုးတို့လို ကွင်းလယ်လူတွေက သွင်းဂိုး(၃)ဂိုးစီနဲ့ ဒုတိယနေရာမှာ အသီးသီးရှိနေကြပါတယ်။

Photo Credit : Le10Sports

ဆိုတော့ ရီးရဲလ်အသင်းရဲ့ သွင်းဂိုးတာဝန်တွေဟာ ဝါရင့်တိုက်စစ်မှူးကြီး ဘန်ဇီမာအပေါ်မှာ အတော်လေး မူတည်နေတယ်ဆိုတာကို မြင်တွေ့နိုင်ပါတယ်။ ဘန်ဇီမာကိုယ်တိုင်ကလည်း အသင်းမှာ ခရစ္စတီယာနိုရော်နယ်ဒို မရှိတော့တဲ့နောက်ပိုင်း အသင်းရဲ့သွင်းဂိုးတာဝန်တွေကို သူက ပခုံးပြောင်းထမ်းဆောင်ခဲ့ကာ တာဝန်ကျေခဲ့တယ်လို့လည်း သတ်မှတ်နိုင်ပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီကလည်း ဘန်ဇီမာဟာ ရီးရဲလ်အတွက် လာလီဂါပွဲပေါင်း (၃၇)ပွဲအထိ ပါဝင်ကစားခဲ့ကာ သွင်းဂိုး(၂၁)ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီးနောက် တစ်ရာသီလုံး ဂိုးသွင်းအများဆုံးစာရင်း မက်ဆီရဲ့နောက် ဒုတိယနေရာနဲ့ ရပ်တည်နေခဲ့ရပါတယ်။

Photo Credit : BeSoccer

ဒီလိုစွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့တဲ့ ဘန်ဇီမာဟာ လက်ရှိမှာတော့ သူရဲ့ဂိုးသွင်းစွမ်းရည်တွေအပြင် တိုက်စစ်စွမ်းဆောင်ရည်ပါ ကျဆင်းလာခဲ့ပြီး သူနောက်ဆုံးကစားခဲ့တဲ့ လာလီဂါပွဲစဉ်(၃)ဖြစ်တဲ့ အယ်ချီ ဆယ်တာဗီဂိုနဲ့ အိုဆာဆူနာအသင်းတွေနဲ့ ပွဲစဉ်တွေမှာ သွင်းဂိုးတစ်ဂိုးမှ မသွင်းယူနိုင်ခဲ့တဲ့အပြင် အဲ့ဒီပွဲတွေအားလုံးမှာ Shot on target ဆိုတဲ့ ဂိုးပေါက်တည့်ကန်ချက်တောင် တစ်ကြိမ်မှ မရှိခဲ့တဲ့အထိ သူရဲ့တိုက်စစ်စွမ်းရည်တွေက ကျဆင်းခဲ့ရပါတယ်။ ဒီလို Performance ကျဆင်းနေရခြင်းက လတ်တလောမှာ ပြန်လည်ပေါ်ထွက်လာခဲ့တဲ့ သူရဲ့ယခင်တုန်းက သိက္ခာကျဆင်းစရာ အမှုကိစ္စကြီးတစ်ခုကြောင့်လည်း ဖြစ်နိုင်သလို ရီးရဲလ်အသင်းရဲ့ တိုက်စစ်ပိုင်းမှာ လူအင်အား အလုံအလောက်မရှိတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ လက်ရှိရီးရဲလ်အသင်းရဲ့ တိုက်စစ်မှာ အထောင်တိုက်စစ်မှူးစစ်စစ်ဆိုလို့ ဘန်ဇီမာ လူကာဂျိုဗစ် မာရီယာနိုဒီယက်ဇ်တို့သာ ရှိလို့နေပြီး ဂျိုဗစ်နဲ့ မာရီယာနိုတို့က ဘန်ဇီမာလောက် အသင်းကို အကျိုးပြုနိုင်တဲ့ ကစားသမားတွေမဟုတ်လို့ ဘန်ဇီမာကပဲ အသင်းရဲ့ပွဲတော်တော်များများကို ပါဝင်ကစားနေရပြီး ဒီရာသီအတွင်း အသင်းအတွက် သူမပါဝင်နိုင်ခဲ့တဲ့ ပွဲအရေအတွက်ကလည်း (၃)ပွဲသာ ရှိခဲ့ကာ (၂၁)ပွဲအထိကို ပါဝင်ခဲ့ရပါတယ်။ ဒီလို Form အောက်နေရတဲ့ ဘန်ဇီမာအနေနဲ့ ဘီလ်ဘာအိုအသင်းနဲ့ ရင်ဆိုင်ရမယ့် စပိန်စူပါဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အသင်းအတွက် သွင်းဂိုးပြန်လည်ရယူပေးနိုင်မလားဆိုတာ စောင့်ကြည့်သွားရပါမယ်။

The post နောက်ဆုံးကစားခဲ့တဲ့ လာလီဂါ(၃)ပွဲဆက်တိုက်မှာ ဂိုးပေါက်တည့်ကန်ချက် တစ်ကြိမ်မှကို မရှိခဲ့ရတဲ့ ဘန်ဇီမာ appeared first on MySport Myanmar.