စပါးအသင်းရဲ့ အဓိကတိုက်စစ်ကစားသမားဖြစ်သူ ဟာရီကိန်းဟာ မနေ့ညက ဂွတ်ဒီဆင်ပတ်ကွင်းမှာ အဲဗာတန်အသင်းနဲ့ ရင်ဆိုင်ကစားခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း ထိခိုက်ဒဏ်ရာရရှိသွားခဲ့တာကြောင့် ပွဲပြီးဆုံးခါနီးလေးမှာ လူစားလဲခဲ့ရသလို ဒဏ်ရာအခြေအနေက ထင်ထားတာထက် ပိုမိုဆိုးရွှားလာခဲ့မယ်ဆိုရင်တော့ နောက်တစ်ပတ် တနင်္ဂနွေနေ့မှာ ကျင်းပသွားမယ့် ကာရာဘောင်းဖလား လိဂ်ဖလားဗိုလ်လုပွဲကိုပါ လွဲချော်ရနိုင်ဖွယ် ရှိနေပါတယ်။

Photo Credit : Eurosport

အသက်(၂၇)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် တိုက်စစ်ကစားသမား ဟာရီကိန်းဟာ မနေ့ညက ကစားခဲ့ရတဲ့ အဲဗာတန်အသင်းနဲ့ ပွဲစဉ်မှာ အသင်းအတွက် သွင်းဂိုး(၂)ဂိုး သွင်းယူပေးနိုင်ခဲ့ပြီး ဒီရာသီမှာလည်း သူရဲ့ပရီးမီးယားလိဂ်သွင်းဂိုးက (၂၁)ဂိုးအထိ ရှိလာခဲ့ကာ ဂိုးသွင်းအများဆုံးဆုကို ဆွတ်ခူးနိုင်ဖို့ပါ အခြေအနေကောင်းနေရပါတယ်။ ဒီရာသီမှာ စပါးအသင်းအတွက် လိဂ်သွင်းဂိုး စုစုပေါင်း (၃၄)ဂိုးအထိတောင် ပါဝင်ပတ်သတ်ထားခဲ့တဲ့ ဟာရီကိန်းဟာ စပါးအသင်းရဲ့ မရှိမဖြစ် အရေးပါလှတဲ့ ကစားသမားဖြစ်တာကြောင့် သူသာ ဒဏ်ရာထပ်ရသွားခဲ့မယ်ဆိုရင် စပါးအတွက် အတော်လေးကို နစ်နာစရာတွေ ဖြစ်လာနိုင်ပါတယ်။

Photo Credit : Goal

ဟာရီကိန်းဟာ မနေ့ညကပွဲစဉ်မှာ ခြေချင်းဝတ်ဒဏ်ရာ ရရှိသွားတာဖြစ်ပြီး ဒီဒဏ်ရာကြောင့် ဘယ်လောက်အထိ အနားယူရနိုင်မလဲဆိုတာကိုတော့ သေသေချာချာ မသိရှိရသေးဘူးလို့ စပါးနည်းပြ ဟိုဆေးမော်ရင်ဟိုက ပြောဆိုသွားခဲ့ပါတယ်။ သုံးသပ်ချက်တွေအရ ဟာရီကိန်းဟာ စပါးအသင်းရဲ့ ရှေ့လာမယ့် ပွဲစဉ်(၂)ပွဲဖြစ်တဲ့ ဆောက်သမ်တန်အသင်းနဲ့ ကစားရမယ့် ပရီးမီးယားလိဂ်ပွဲနဲ့ မန်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ကာရာဘောင်းဖလား ဗိုလ်လုပွဲတွေကို လွဲချော်ရနိုင်တယ်လို့ သိရှိရပါတယ်။ လက်ရှိအချိန်မှာ စပါးအသင်းက ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း အဆင့်(၄)အတွင်း ဝင်ရောက်နိုင်အောင် အစွမ်းကုန် ကြိုးပမ်းနေရတဲ့အပြင် ၂၀၀၈ခုနှစ်ကတည်းက ဝေးကွာလျက်ရှိနေတဲ့ ဆုဖလားတွေအတွက်ကိုလည်း ကာရာဘောင်းဖလားကို အရယူသွားဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။ ဒါကြောင့် အသင်းအတွက် အလွန်အရေးကြီးနေတဲ့ ကာလအတွင်းမှာ ဟာရီကိန်းလို အလွန်အရေးပါလှတဲ့ ကစားသမားတစ်ယောက်ကို ထည့်သွင်းခွင့်မရှိဘူးဆိုရင် စပါးအသင်းအတွက် ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခု ဖြစ်လာနိုင်ပါတယ်။ စပါးအသင်းဟာ လက်ရှိမှာလည်း နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံပွဲပေါင်း (၅)ပွဲအတွင်းမှာလည်း နိုင်ပွဲက (၁)ပွဲသာ ရယူနိုင်ခဲ့ပြီး (၂)ပွဲရှုံး (၂)ပွဲသရေ ကျခဲ့ရပါတယ်။

The post အဲဗာတန်နဲ့ပွဲမှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် လိဂ်ဖလား ဗိုလ်လုပွဲကိုပါ လွဲချော်ရဖွယ်ရှိနေတဲ့ ဟာရီကိန်း appeared first on MySport Myanmar.