ဘောလုံးပွဲစဉ်တွေများစွာ ကျင်းပလျက်ရှိနေတဲ့ ရက်သတ္တပတ်အတွင်းမှာ နောက်ထပ်ဗိုလ်လုပွဲတစ်ပွဲကိုလည်း ဘောလုံးပရိသတ်တွေ ဆက်လက်ကြည့်ရှုအားပေးရဦးမှာဖြစ်ပါတယ်။ ဒီပွဲကတော့ အီတလီစီးရီးအေချန်ပီယံနဲ့ ကိုပါအီတလီယာရှုံးထွက်ချန်ပီယံတို့ ရင်ဆိုင်ကြမယ့် အီတလီစူပါဖလားဖိုင်နယ်ပွဲစဉ်ပဲဖြစ်ပါတယ်။ ဒီပွဲကို ဒီနေ့ည(၂)နာရီခွဲအချိန် ဆာဆူအိုလိုနဲ့ ရက်ဂျီးနားအသင်းတို့ရဲ့ အိမ်ကွင်းဖြစ်တဲ့ Mapie ကွင်းမှာ ကျင်းပသွားမှာဖြစ်ပြီး အီတလီနာမည်ကြီး ကလပ်အသင်း(၂)သင်းဖြစ်တဲ့ ဂျုဗင်တပ်စ်နဲ့ နာပိုလီတို့ ထိပ်တိုက်ရင်ဆိုင်ကြမှာပဲဖြစ်ပါတယ်။

တကယ်တော့ ဒီအသင်း(၂)သင်းဟာ မနှစ်က ကျင်းပခဲ့တဲ့ ကိုပါအီတလီယာပြိုင်ပွဲရဲ့ ဗိုလ်လုပွဲမှာပါ ထိပ်တိုက်ဆုံတွေ့ခဲ့ကြသေးပြီး အဲ့ဒီအချိန်တုန်းကတော့ မိနစ်(၉၀)အတွင်း ဂိုးမရှိသရေကျခဲ့လို့ အချိန်ပိုဆက်ကစားရင်း ပင်နယ်တီအဆုံးအဖြတ် ရောက်ချိန်မှာတော့ နာပိုလီက ပင်နယ်တီမှာ အနိုင်ယူပြီး ကိုပါအီတလီယာဖလားကို ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။ ဒီနှစ်ရာသီအတွင်းမှာတော့ ကိုဗစ်ပြသာနာရပ်တွေကြောင့် ဒီ(၂)သင်း တွေ့ဆုံရမယ့် စီးရီးအေပွဲက ပွဲပျက်ခဲ့ရပြီး အခုအချိန်မှသာ (၂)သင်းလုံးအတွက် အရေးကြီးတဲ့ ပွဲစဉ်အဖြစ်နဲ့ ပြန်လည်ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။

စီးရီးအေရဲ့ လက်ရှိချန်ပီယံ ဂျုဗင်တပ်စ်အသင်းကတော့ ဒီနှစ်ဘောလုံးရာသီမှာ သူတို့ရဲ့ ကစားသမားဟောင်းဖြစ်သူ အန်ဒရေပီယာလိုကို နည်းပြသစ်အဖြစ် ခန့်အပ်လို့ထားပြီး အသင်းအတွက်ကိုလည်း မိုရာတာ ခီယေဇာ ကူလူဆက်စကီးတို့လို ကစားသမားတွေကို ခေါ်ယူအားဖြည့်ထားခဲ့ပေမယ့် နည်းပြသစ်လက်အောက်မှာ အသင်းက အနည်းငယ်ရုန်းကန်နေကာ လက်ရှိမှာလည်း အမှတ်ပေးဇယားရဲ့ အဆင့်(၅)ကို ရောက်ရှိနေပါတယ်။ နာပိုလီကတော့ နောက်ပိုင်းပွဲတွေမှာ ရလဒ်တွေ ပြန်လည်ကောင်းမွန်လာခဲ့လို့ အဆင့်(၃)ကို တတ်လှမ်းထားခဲ့ပေမယ့်လည်း ၂၀၂ဝနှစ်ကုန်ပိုင်းဝန်းကျင်လောက်တုန်းက ရလဒ်တွေ မတည်ငြိမ်ခဲ့သလို လာဇီယို အင်တာမီလန် အေစီမီလန်တို့လို ထိပ်တန်းအသင်းတွေနဲ့ ရင်ဆိုင်ခဲ့ရချိန်တွေမှာ ရှုံးပွဲတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဂျုဗင်တပ်စ်ကတော့ ခြေစွမ်းပိုင်း မတည်ငြိမ်သေးပေမယ့်လည်း အသင်းကြီးတွေနဲ့ ရင်ဆိုင်ရချိန်မှာ ရလဒ်ကောင်းတွေ ရယူတတ်ပါတယ်။ နောက်ပြီး အီတလီစူပါဖလားဟာလည်း ဂျုဗင်တပ်စ်နည်းပြ ပီယာလိုအတွက် နည်းပြဘဝ ပထမဆုံး ဆုဖလားတစ်ခု ဖြစ်လာနိုင်သလို ကိုပါအီတလီယာရှုံးကြွေးကိုပါ တစ်ပါတည်း ဆက်နိုင်မှာဖြစ်လို့ ဒီဖလားပွဲက ဂျုဗင်တပ်စ်အတွက် ပိုပြီးအရေးပါလိမ့်မယ်လို့ ထင်မိပါတယ်။ (၂)သင်းလုံးက ဒီရာသီအစပွဲမှာ ပြသာနာအရပ်ရပ်ကြောင့် မဆုံတွေ့ဖြစ်လိုက်တာနဲ့ပတ်သက်ပြီး (၂)သင်းကြားမှာ အစိုင်အခဲတွေ ရှိခဲ့ကြတဲ့အတွက် ဒီမကျေနပ်ချက်တွေက အခုပွဲရဲ့ ဇာတ်ရှိန်ကို မြင့်တတ်စေမှာ သေချာပါတယ်။

The post ကိုပါအီတလီယာရှုံးကြွေးကို အီတလီစူပါဖလားပွဲစဉ်မှာ ပြန်ဆပ်ခွင့်ရမယ့် ဂျုဗင်တပ်စ်အသင်း appeared first on MySport Myanmar.