ဂျုဗင်တပ်စ်အသင်းဟာ လာမယ့်နွေရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်းမှာပဲ သူတို့အသင်းရဲ့ အဓိက ကစားသမားတစ်ယောက်ဖြစ်တဲ့ ပေါ်တူဂီတိုက်စစ်ကစားသမား ခရစ္စတီယာနိုရော်နယ်ဒိုကို အသင်းကနေ ရောင်းချသွားဖို့ ပြင်ဆင်လျက်ရှိနေပြီး ရော်နယ်ဒိုအတွက် ပြောင်းရွှေ့ကြေးကိုလည်း ယူရိုသန်း(၆၀)ဝန်းကျင်လောက်အထိ အလိုရှိနေတယ်လို့ အီတလီအခြေစိုက် Mediaset မီဒီယာကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Goal

လက်ရှိမှာ အသက်(၃၆)နှစ်အရွှယ်ထိကို ရောက်ရှိနေပြီဖြစ်တဲ့ ပေါ်တူဂီလက်ရွေးစင် တိုက်စစ်ကစားသမား ရော်နယ်ဒိုဟာ ဂျုဗင်တပ်စ်အသင်းဆီကို ၂၀၁၈ခုနှစ်ကမှ ရီးရဲလ်မက်ဒရစ်အသင်းဆီကနေ ပြောင်းရွှေ့ကြေး ယူရိုသန်း(၁၀၀)နဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့အတူ ဒေသတွင်းမှာ အောင်မြင်မှုတွေ ရယူနိုင်ခဲ့ပေမယ့် အသင်းရဲ့ အဓိကပစ်မှတ်ဖြစ်တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာတော့ နှစ်တိုင်းရှုံးထွက်အဆင့်ကနေသာ လှည့်ပြန်နေရတာဖြစ်သလို ရော်နယ်ဒိုရဲ့အသက်အရွှယ်အရလည်း ကြီးရင့်လာခဲ့ပြီဖြစ်တာကြောင့် ဂျုဗင်တပ်စ်အသင်းဘက်ကနေ ရော်နယ်ဒိုကို စွန့်လွှတ်သွားဖို့ စီစဉ်လာခဲ့တာဖြစ်တယ်လို့ သိရှိရပါတယ်။

Photo Credit : Goal

ဂျုဗင်တပ်စ်အသင်းရဲ့ ကြယ်ပွင့်ကစားသမား ရော်နယ်ဒိုဟာ အသင်းနဲ့အတူ တတိယမြောက် ဘောလုံးရာသီကို ဖြတ်သန်းနေတာဖြစ်ပေမယ့် ဒီရာသီမှာ အီတလီစီးရီးအေချန်ပီယံဆုကို ထပ်မံကာကွယ်နိုင်ဖို့ မလွယ်ကူသလို ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲကနေလည်း စောစောစီးစီးပဲ ထွက်ခွာလိုက်ရတာကြောင့် သူကိုယ်တိုင်ပါ အသင်းနဲ့ လက်တွဲဖြုတ်ချင်နေပြီး အသင်းဘက်ကလည်း ရော်နယ်ဒိုလို လစာမြင့်မားလွန်းတဲ့ ကစားသမားမျိုးကို အသင်းကနေ စွန့်လွှတ်ကာ အသင်းရဲ့ ဘဏ္ဍာရေးအခြေအနေကို ဟန်ချက်ညီသွားအောင် လုပ်ဆောင်ချင်နေတာဖြစ်ပါတယ်။ အသက်(၃၆)နှစ်အရွှယ် ရှိနေပေမယ့် ဂိုးသွင်းစွမ်းရည် ကျဆင်းသွားခြင်းမရှိသေးတဲ့ ရော်နယ်ဒိုကို ခေါ်ယူချင်နေတဲ့ ကလပ်အသင်းတွေ များစွာရှိနေပြီး ဒီအသင်းတွေထဲကမှ ပြောင်းရွှေ့ကြေး ယူရိုသန်း(၆၀)ခန့်နဲ့ ကမ်းလှမ်းလာမယ့် အသင်းတစ်သင်းသင်းဆီကို ဂျုဗင်တပ်စ်ဘက်ကနေ ရောင်းချဖွယ်ရှိနေတာဖြစ်ပါတယ်။ ရော်နယ်ဒိုကို သူရဲ့အသင်းဟောင်း မန်ချက်စတာယူနိုက်တက်နဲ့ ပီအက်စ်ဂျီ မန်စီးတီးအသင်းတွေအပြင် ငွေကြေးအင်အားတောင့်တင်းတဲ့ အမေရိကန် မေဂျာလိဂ်ပြိုင်ပွဲဝင် ကလပ်အသင်းတချို့နဲ့ အရှေ့အလယ်ပိုင်းဒေသက ကလပ်အသင်းတွေပါ စောင့်ကြည့်လျက်ရှိနေပြီး ရော်နယ်ဒိုကလည်း ကစားသမားဘဝကို အဆုံးသတ်ဖွယ် မရှိသေးတာကြောင့် လာမယ့်နွေစျေးကွက်အတွင်းမှာ ရော်နယ်ဒိုကို ကလပ်အသင်းသစ်တစ်ခုမှာ မြင်တွေ့ရဖွယ် ရှိနေပါတယ်။

The post ရော်နယ်ဒိုကို လာမယ့်နွေစျေးကွက်အတွင်းမှာပဲ ရောင်းချသွားဖို့ ပြင်ဆင်နေတဲ့ ဂျုဗင်တပ်စ် appeared first on MySport Myanmar.