အီတလီ စီးရီးအေ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ဂျူဗင်တပ် အသင်းဟာ သူတို့အသင်းရဲ့ စီးရီးအေမှာ တောက်ပလာတဲ့ လူငယ် ကြယ်ပွင့်တွေကို ခေါ်ယူတဲ့ အလေ့အထ အတိုင်းပဲ ယခုနှစ် ဘောလုံးရာသီမှာ ဂျီနိုအာအသင်းနဲ့ အတူ ခြေစွမ်းပြနေတဲ့ လူငယ် ကွင်းလယ်ခံစစ် ကစားသမား ဖြစ်သူ ရိုဗယ်လာကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားခဲ့ကြောင်း အပြောင်းအရွှေ့ သတင်းတွေနဲ့ ပတ်သတ်ရင် ယုံကြည် စိတ်ချရတဲ့ သတင်းထောက် ဖြစ်သူ ရိုမာနိုက ဖော်ပြ သွားခဲ့ပါတယ်။ ဂျူဗင်တပ် အသင်းဟာ စီးရီးအေ ပြိုင်ပွဲမှာ တောက်ပလာတဲ့ လူငယ် ကြယ်ပွင့်တွေကို ခေါ်ယူပြီး ဥရောပမှာ အောင်မြင်မှု များစွာ ရရှိအောင် ကြိုးစားလေ့ ရှိတဲ့ အသင်းတစ်သင်းလည်း ဖြစ်ပါတယ်။

Photo Credit: Talksport

အသက် ၁၉နှစ် အရွွယ်သာ ရှိသေးတဲ့ အီတလီလူမျိုး လူငယ် ကွင်းလယ်ခံစစ် ကစားသမား ဖြစ်သူ ရိုဗယ်လာဟာ လက်ရှိ ဘောလုံးရာသီမှာ ဂျီနိုအာ အသင်းနဲ့အတူ ခြေစွမ်းပြနေတဲ့ ကစားသမား တစ်ဦး ဖြစ်ပြီး စီးရီးအေပွဲစဉ် ၉ပွဲ အထိ ပါဝင် ကစားခွင့် ရရှိထားသူပါ။ ရိုဗယ်လာဟာ ကွင်းလယ်ခံစစ် ကစားသမား တစ်ဦး ဖြစ်တာကြောင့် လက်ရှိ အချိန်အထိ သွင်းဂိုးတွေ သွင်းယူနိုင်စွမ်း မရှိသလို ဂိုးဖန်တီးမှုတွေလည်း မပြုလုပ်နိုင်သေးပေမယ့် သူ့ရဲ့ ဘောလုံးအမြင် ၊ ဘောလုံးပေးပို့မှု ၊ ဘောလုံး ဆယ်ယူမှုတွေဟာ ဥရောပရဲ့ အသက် ၂၀အောက် လူငယ် ကစားသမားတွေထဲမှာ အတော်လေးကို ကောင်းမွန်တဲ့ အနေအထား တစ်ရပ်မှာ ရှိကြောင်း အချက်အလက် မှတ်တမ်းတွေ အရ သိရပါတယ်။

Photo Credit: Talksport

ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ဂျူဗင်တပ် အသင်းဟာ ရိုဗယ်လာကို ပြောင်းရွှေ့ကြေး ယူရို ၁၀သန်း ဝန်းကျင်နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့တာ ဖြစ်ပြီး ရိုဗယ်လာဟာ လက်ရှိ ဇန်နဝါရီလ အပြောင်းအရွှေ့ အတွင်းမှာ ဂျူဗင်တပ် အသင်းထံ ပြောင်းရွှေ့လာမှာ မဟုတ်ပဲ ရာသီကုန် အထိ ဂျီနိုအာ အသင်းမှာ ဆက်လက် ကစားမှာ ဖြစ်ကြောင်း သိရှိ ထားရပါတယ်။ လူငယ် ကစားသမား တစ်ဦးကို မိခင် ကလပ်ကနေ ခေါ်ယူပြီးချိန်မှာ အသင်းဟောင်းထံ တစ်ရာသီ အငှားပြန်ချတာဟာ ဂျူဗင်တပ် အသင်းရဲ့ လုပ်ထုံးလုပ်နည်း တစ်မျိုးဖြစ်ပြီး အငှားချထားမှုကြောင့် ကစားသမားတွေဟာ စီးရီးအေ အတွေ့အကြုံ ပိုမို များပြားလာကာ အသင်းထံ ရောက်ရှိလာချိန်မှာ အရန်သင့် သုံးလို့ရတဲ့ ကစားသမားတွေ ဖြစ်သွားလေ့ ရှိတာကြောင့် ဂျူဗင်တပ် အသင်းရဲ့ လုပ်ရပ်ဟာ အတော်လေးကို ကောင်းမွန်တယ် လို့ သုံးသပ် ရမှာပါ။

The post ဂျီနိုအာ လူငယ်ကြယ်ပွင့် ရိုဗယ်လာကို ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့တဲ့ ဂျူဗင်တပ် appeared first on MySport Myanmar.