ဂျုဗင်တပ်စ်အသင်းကတော့ ဒီနှစ်ဘောလုံးရာသီအကုန်မှာ အသင်းရဲ့လက်ရှိနည်းပြဖြစ်တဲ့ အန်ဒရီပီယာလိုနဲ့ လမ်းခွဲဖို့ အစီအစဉ်ရှိနေတာကြောင့် သူရဲ့နေရာမှာ အစားထိုးသွားဖို့အတွက် လက်ရှိအချိန်ထိ ကလပ်အသင်းမဲ့ ဖြစ်လို့နေတဲ့ အသင်းရဲ့နည်းပြဟောင်း မက်စ်အယ်လီဂရီအပြင် အသင်းရဲ့ ကစားသမားဟောင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းတို့ကို ပစ်မှတ်ထားလျက်ရှိနေတယ်လို့ အီတလီအခြေစိုက် သတင်းမီဒီယာဖြစ်တဲ့ Gazzetta Dello Sport ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Juvefc

ဂျုဗင်တပ်စ်အသင်းဟာ ဒီနှစ်ဘောလုံးရာသီအစမှာပဲ သူတို့အသင်းရဲ့ ကွင်းလယ်ကစားသမားဟောင်း ပီယာလိုကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တာဖြစ်ပြီး ပီယာလိုကိုယ်တိုင်ကလည်း အသင်းအတွက် အီတလီစူပါဖလားကို အရယူပေးနိုင်ခဲ့ပေမယ့် ချန်ပီယံလိဂ်မှာ ပေါ်တိုအသင်းကို အရေးနိမ့်ပြီး (၁၆)သင်းအဆင့်နဲ့ လှည့်ပြန်ခဲ့ရသလို စီးရီးအေမှာပါ ချန်ပီယံဆုကို ကာကွယ်ဖို့ မလွယ်ကူတော့တဲ့အပြင် ဥရောပချန်ပီယံလိဂ်ဝင်ခွင့်အတွက်ကိုပါ ခြိမ်းခြောက်ခံလာရတဲ့ အနေအထားမျိုး ဖြစ်နေရတဲ့အတွက် ဂျုဗင်တပ်စ်အသင်းဘက်ကနေ ပီယာလိုနဲ့ လက်တွဲဖြုတ်ချင်လာခဲ့တာဖြစ်ပါတယ်။

Photo Credit : ITA Sport Press

အီတလီကနေ ထွက်ပေါ်လာခဲ့တဲ့ သတင်းများအရ ဂျုဗင်တပ်စ်အသင်းဟာ အသင်းနည်းပြ ပီယာလိုရဲ့ အသင်းအပေါ် ကိုင်တွယ်မှုကို စိတ်တိုင်းကျခြင်းမရှိတဲ့အတွက် လာမယ့်တစ်ပတ် တိုရီနိုအသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် တူရင်ဒါဘီပွဲမှာ ပွဲအခြေအနေကို စောင့်ကြည့်သွားမှာဖြစ်ပြီး ဒီပွဲမှာပါ ရလဒ်ဆိုးခဲ့မယ်ဆိုရင် အသင်းကနေ ချက်ချင်းထုတ်ပယ်ဖွယ်တောင် ရှိနေတယ်လို့ သိရပါတယ်။ တကယ်လို့ ပီယာလိုအနေနဲ့ အသင်းနဲ့ ချက်ချင်းလက်တွဲဖြုတ်ရမယ်ဆိုရင် အသင်းနည်းပြဟောင်းဖြစ်တဲ့ အယ်လီဂရီနဲ့ ပြန်လည်အစားထိုးဖွယ် ရှိနေသလို ရာသီအကုန်မှသာ လက်တွဲဖြုတ်ရမယ်ဆိုရင်လည်း သူရဲ့နေရာအတွက် အသင်းရဲ့ နောက်ထပ် ကစားသမားဟောင်းဖြစ်တဲ့ ဇီဒန်းနဲ့ အစားထိုးဖို့ ရှိနေတယ်လို့ Gazzetta Dello Sport ကနေ ဖော်ပြလာခဲ့ပါတယ်။ ရီးရဲလ်နည်းပြ ဇီဒန်းဟာ ဒီရာသီမှာ အသင်းအတွက် ဆုဖလားအောင်မြင်မှုတွေ ရယူနိုင်ခြင်းမရှိရင် အသင်းကနေ သူ့ကို နောက်တစ်ကြိမ် ထုတ်ပယ်ဖွယ်ရှိနေတာကြောင့် ဂျုဗင်တပ်စ်အသင်းဘက်ကနေ ဒီအခြေအနေကို စောင့်ကြည့်နေတာဖြစ်ပါတယ်။ တကယ်လို့ ဇီဒန်းသာ ဂျုဗင်တပ်စ်နည်းပြ ဖြစ်လာခဲ့မယ်ဆိုရင် သူနဲ့ ရီးရဲလ်မှာ အလုပ်တွဲလုပ်ခဲ့ဖူးတဲ့ တိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုနဲ့ပါ ပြန်လည်ဆုံစည်းရမှာလည်းဖြစ်ပါတယ်။

The post ကစားသမားဟောင်း ဇီဒန်းနဲ့ နည်းပြဟောင်း အယ်လီဂရီတို့ကို ပစ်မှတ်ထားလျက်ရှိနေတဲ့ ဂျုဗင်တပ်စ် appeared first on MySport Myanmar.