ဘောလုံးလောကရဲ့ စပယ်ရှယ်ဝမ်း နည်းပြကြီးလို့ သတ်မှတ်ခံထားရတဲ့ ဟိုဆေးမော်ရင်ဟိုဟာ ပေါ်တိုအသင်းနဲ့ ကြီးမားတဲ့ အောင်မြင်မှုအဖြစ် ချန်ပီယံလိဂ်ဖလားကြီးကို ရယူလိုက်ပြီးနောက်ပိုင်း ချယ်လ်ဆီး အင်တာမီလန် ရီးရဲလ်မက်ဒရစ် မန်ချက်စတာယူနိုက်တက်တို့မှာ ဥရောပရဲ့ အင်အားကြီးအသင်းတွေကို ဆက်တိုက်နည်းပြခဲ့ပြီး အောင်မြင်မှုတွေကိုလည်း ရယူနိုင်ခဲ့ပေမယ့် နောက်ပိုင်းနှစ်တွေမှာ သူရဲ့အရှိန်အဝါတွေက တဖြည်းဖြည်း ကျဆင်းလာခဲ့ရသလို အခုလက်ရှိ သူကိုင်တွယ်နေတဲ့ စပါးအသင်းကိုလည်း အောင်မြင်မှုရယူပေးဖို့ ရုန်းကန်နေရတာကြောင့် အသင်းနဲ့ လက်တွဲဖြုတ်ရဖို့ပါ နီးစပ်လာခဲ့ရပါတယ်။

Photo Credit : Daily Mail

ဆုဖလားအောင်မြင်မှုတွေ များစွာကို ရယူခဲ့ဖူးတဲ့ မော်ရင်ဟိုဟာ ၂၀၁၉ခုနှစ် နိုဝင်ဘာလမှာပဲ စပါးအသင်းရဲ့ နည်းပြသစ်အဖြစ် ခန့်အပ်ခံခဲ့ရပြီး သူရဲ့စပါးနည်းပြဘဝ ပထမဆုံးရာသီမှာ အသင်းကို ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့်(၆)နေရာရောက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒုတိယရာသီဖြစ်တဲ့ ဒီနှစ်ရာသီမှာတော့ မော်ရင်ဟိုဟာ စပါးအသင်းကို တာထွက်ကောင်းအောင် လုပ်ဆောင်ထားနိုင်ပေမယ့် လက်ရှိ အမှတ်ပေးဇယားမှာ အဆင့်(၈)နေရာကို ရောက်ရှိနေသလို ယူရိုပါလိဂ်ပြိုင်ပွဲမှာလည်း (၁၆)သင်းအဆင့်နဲ့ လှည့်ပြန်ထားခဲ့ရတာကြောင့် မော်ရင်ဟိုရဲ့ အနာဂတ်ဟာလည်း အတော်လေးကို လှုပ်ခတ်လာခဲ့ရပါတယ်။

Photo Credit : Goal

မော်ရင်ဟိုဟာ ဒီနှစ်ဘောလုံးရာသီမှာ စပါးအသင်းကို ခါရာဘောင်းလိဂ်ဖလားပြိုင်ပွဲရဲ့ ဗိုလ်လုပွဲအဆင့်အထိ ပို့ဆောင်ထားနိုင်ခဲ့ပေမယ့် ဗိုလ်လုပွဲမှာ လက်ရှိချန်ပီယံ မန်စီးတီးအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်လို့ ဗိုလ်စွဲနိုင်ဖို့က ခက်ခဲနေတဲ့အပြင် ပရီးမီးယားလိဂ်ဘက်မှာလည်း အဆင့်(၄)အတွင်းကို ဝင်ရောက်နိုင်ဖို့ ထပ်မံလွဲချော်ခဲ့မယ်ဆိုရင် မော်ရင်ဟိုကို စပါးအသင်းဘက်ကနေ ထုတ်ပယ်တဲ့အထိပါ လုပ်ဆောင်လာဖွယ် ရှိနေပါတယ်။ မော်ရင်ဟိုဟာ စပါးအသင်းမှာ (၂)နှစ်တာ စာချုပ်သက်တမ်း ရှိနေသေးတာကြောင့် နည်းပြရာထူးကနေ ထုတ်ပယ်မယ်ဆိုရင် လျော်ကြေးပေးချေရမှာဖြစ်ပေမယ့် မော်ရင်ဟိုသာ အသင်းကို Top 4 အတွင်း ဝင်ရောက်အောင် မစွမ်းဆောင်နိုင်ခဲ့ဘူးဆိုရင် သူ့ကို လက်လွတ်ပြီး နည်းပြအသစ်ကို ခန့်အပ်သွားဖို့ စပါးဘက်က ပြင်ဆင်လာမှာဖြစ်ပါတယ်။ စပါးဘက်က နည်းပြသစ်အဖြစ် လိုက်ပ်ဇစ်နည်းပြ ဂျူလီယန်နာဂယ်စ်မန်းကို အလိုရှိနေပြီး လက်စတာနည်းပြ ဘရန်ဒန်ရော်ဂျာကိုလည်း ပစ်မှတ်ထားလျက် ရှိနေပါတယ်။

The post အဆင့်(၄)အတွင်း ဝင်ရောက်အောင် မစွမ်းနိုင်ဆောင်ခဲ့ရင် ရာထူးကနေ ထုတ်ပယ်ခံရနိုင်တဲ့ မော်ရင်ဟို appeared first on MySport Myanmar.