စပါးအသင်းရဲ့ နည်းပြဟိုဆေးမော်ရင်ဟိုကတော့ ဒီနေ့ညမှာပဲ သူရဲ့အသင်းဟောင်းတစ်သင်းဖြစ်တဲ့ ချယ်လ်ဆီးအသင်းနဲ့ ပြန်လည်ရင်ဆိုင်ရတော့မှာဖြစ်ပြီး ချယ်လ်ဆီးအသင်းရဲ့နည်းပြသစ်ဖြစ်တဲ့ သောမတ်တူဟယ်လ်နဲ့လည်း လန်ဒန်ဒါဘီပွဲစဉ်အဖြစ် ပထမဆုံးအကြိမ် ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။ ဒီအချိန်မှာ မော်ရင်ဟိုက သူရဲ့အသင်းဟောင်းနဲ့ပတ်သက်ပြီး ဘယ်နည်းပြအတွက်မဆို ချယ်လ်ဆီးအသင်းကို ကိုင်တွယ်ရခြင်းက အရမ်းခက်ခဲတဲ့ ကိစ္စတစ်ခုမဟုတ်ဘူးလို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Teamtalk

ပေါ်တူဂီလူမျိုး နာမည်ကျော်ဘောလုံးနည်းပြကြီး မော်ရင်ဟိုဟာ ချယ်လ်ဆီးအသင်းကို (၂)ကြိမ်တိုင်တိုင် ကိုင်တွယ်ခဲ့ဖူးသလို သူရဲ့လက်ထက်မှာပဲ ချယ်လ်ဆီးက အသင်းကြီးတစ်သင်း ဖြစ်လာခဲ့ရပြီး ပရီးမီးယားလိဂ်ချန်ပီယံဆုကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ချယ်လ်ဆီး အင်တာမီလန် ရီးရဲလ်မက်ဒရစ် မန်ချက်စတာယူနိုက်တက်တို့လို ဥရောပထိပ်တန်း ကလပ်အသင်းတွေမှာ နည်းပြအဖြစ်နဲ့ ဆောင်ရွှက်ခဲ့တဲ့ မော်ရင်ဟိုဟာ အခုတော့ စပါးအသင်းရဲ့နည်းပြ ဖြစ်လို့နေပြီး ဒီနေ့ညမှာပဲ သူရဲ့အသင်းဟောင်း ချယ်လ်ဆီးကို Tottenham Hotspur ကွင်းကြီးထဲမှာ ဧည့်ခံကစားသွားရတော့မှာဖြစ်ပါတယ်။

Photo Credit : Sky Sports

အသင်းဟောင်း ပြန်လည်ရင်ဆိုင်ရတော့မယ့် မော်ရင်ဟိုက “ချယ်လ်ဆီးအသင်းမှာက အမြဲတမ်းလိုလို တကယ့်ထိပ်သီကစားသမားတွေနဲ့ အကောင်းဆုံးလူစာရင်းတွေကို ပိုင်ဆိုင်ထားပြီး ထိပ်တန်းနည်းပြတွေကလည်း ဒီအသင်းမှာ လာရောက်ကိုင်တွယ်ချင်ကြပါတယ်။ ကစားသမားကောင်းတွေက သင့်ကို ဆုဖလားတွေ အောင်မြင်မှုပိုင်ဆိုင်နိုင်စေဖို့အတွက် အခွင့်အရေးကောင်းတွေ ပေးနိုင်လိမ့်မယ်။ ဒါကြောင့် ချယ်လ်ဆီးလိုအသင်းမျိုးကို ကိုင်တွယ်ဖို့ဆိုတာက အရမ်းခက်ခဲတဲ့ ကိစ္စတစ်ခုလို့ ကျွန်တော်တော့ မမြင်မိဘူး။ ဒီအသင်းမှာ ကျွန်တော်က ချန်ပီယံ(၃)ကြိမ် ဖြစ်ခဲ့တယ်။ ကားလို့စ်အန်စလော့တီလည်း ချန်ပီယံဖြစ်တယ်။ အန်တိုနီယိုကွန်တီလည်း ချန်ပီယံဖြစ်တယ်။ ဆိုတော့ ဒီအသင်းမှာ ဆုဖလားချန်ပီယံဖြစ်ဖို့က ကျွန်တော်တို့အတွက် အလွန်ခက်ခဲတဲ့ ကိစ္စတစ်ခုတော့ ဖြစ်မနေပါဘူး” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ လက်ရှိမှာတော့ မော်ရင်ဟိုရဲ့စပါးအသင်းက ပရီးမီးယားလိဂ်မှာ လီဗာပူးလ် ဘရိုက်တန်အသင်းတွေကို (၂)ပွဲဆက်တိုက် ရှုံးနိမ့်ထားခဲ့ရတာကြောင့် အခုလန်ဒန်ဒါဘီပွဲစဉ်ကို ထပ်မံခြေချော်မှုမရှိအောင် သတိထားကစားရတော့မှာဖြစ်တဲ့အပြင် တစ်ဖက်က ချယ်လ်ဆီးနည်းပြ တူဟယ်လ်ကလည်း ချယ်လ်ဆီးကို သူဘယ်လောက်အထိ ကိုင်တွယ်နိုင်ပြီလဲဆိုတာကို ဒီလိုပွဲမျိုးမှာ ထုတ်ဖော်ပြသနိုင်မှာဖြစ်လို့ သူ့အတွက်လည်း အစမ်းသပ်ခံရမယ့် ပွဲတစ်ပွဲလို ဖြစ်နေရပါတယ်။

The post ချယ်လ်ဆီးအသင်းကို ကိုင်တွယ်ရခြင်းက အရမ်းခက်ခဲတဲ့အရာ မဟုတ်ဘူးလို့ မော်ရင်ဟိုပြောဆို appeared first on MySport Myanmar.