မန်ချက်စတာယူနိုက်တက်အသင်းမှာ ပါဝင်ကစားခွင့်တွေ ပျောက်ဆုံးလို့နေပြီး အနာဂတ်မရေမရာ ဖြစ်နေရတဲ့ အင်္ဂလန်ကွင်းလယ်ကစားသမား ဂျက်ဆီလင်ဂတ်ကို ပရီးမီးယားလိဂ် ကလပ်အသင်းတွေများစွာကနေ စိတ်ဝင်စားလျက်ရှိနေပြီး ဒီအသင်းတွေထဲမှာ ဝက်စ်ဟမ်းယူနိုက်တက်အသင်းပါ ပါဝင်လာခဲ့ကာ အသင်းရဲ့ ဥရောပဝင်ခွင့် မျှော်လင့်ချက်တွေကို အသက်သွင်းနိုင်ဖို့အတွက် လင်ဂတ်ကို ရာသီအကုန်အထိ အငှားစာချုပ်နဲ့ ခေါ်ယူသွားချင်နေရာ ကစားသမားကိုယ်တိုင်ကပါ ဒီအပြောင်းအရွှေ့အပေါ် လက်ခံသွားဖွယ် ရှိနေပါတယ်။

 

Photo Credit : The Sun

အသက်(၂၈)နှစ်အရွှယ်ရှိ အင်္ဂလန်ကွင်းလယ်လူ လင်ဂတ်ဟာ မန်ချက်စတာအကယ်ဒမီကနေ ပေါ်ထွက်လာခဲ့တဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး သူရဲ့စွမ်းဆောင်ရည်တွေက လွန်ခဲ့တဲ့ (၂)နှစ်လောက်ကနေစတင်ပြီး တဖြည်းဖြည်းကျဆင်းလာခဲ့ရသလို အသင်းအတွက် သွင်းဂိုးတွေမှာပါ ပါဝင်ပတ်သက်မှုက မရှိသလောက်ကို နည်းပါးလာခဲ့တဲ့အတွက် အသင်းကလည်း သူ့ကို နေရာပေးခြင်းမရှိတော့ပဲ ပွဲစဉ်တိုင်းလိုလိုမှာ လူစာရင်းကနေ ချန်လှပ်လာခဲ့ပါတယ်။ ဒီလိုအခြေအနေတွေ ရှိနေတဲ့ လင်ဂတ်ကို ဝက်စ်ဟမ်းအပါအဝင် ပရီးမီးယားလိဂ်အသင်းတွေကနေ အငှားနဲ့ ခေါ်ယူသွားချင်နေတာဖြစ်ပါတယ်။

Photo Credit : Twitter

ဝက်စ်ဟမ်းအသင်းကတော့ လတ်တလောမှာ ရလဒ်တွေ ကောင်းမွန်လျက်ရှိနေပြီး ပရီးမီးယားလိဂ်မှာလည်း အဆင့်(၇)နေရာမှာ ရပ်တည်လို့နေကာ အဆင့်(၄)နေရာက လီဗာပူးလ်အသင်းနဲ့လည်း ရမှတ်က (၂)မှတ်သာ ကွာဟလို့နေတာကြောင့် သူတို့အသင်းအနေနဲ့ ဥရောပဝင်ခွင့် မျှော်လင့်ချက်ကိုပါ မျှော်မှန်းလို့ရနေတဲ့ အနေအထားကို ရောက်နေတာကြောင့် လက်ကျန်ရာသီဝက်အတွင်း အသင်းကို ရလဒ်ကောင်းမွန်ဖို့အတွက် ပြင်ဆင်သွားချင်နေတာဖြစ်ပါတယ်။ ဒါ့အပြင် ဝက်စ်ဟမ်းအသင်းဟာ အသင်းရဲ့ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဆီဘက်စတီယန်ဟယ်လာနဲ့ ရောဘတ်စနူဂရက်စ်တို့ကို အခုဆောင်းစျေးကွက်ထဲမှာ အသင်းကနေ ရောင်းထုတ်ထားခဲ့တာကြောင့် အသင်းရဲ့တိုက်စစ်ကို အင်အားပြန်လည်ဖြည့်တင်းတဲ့အနေနဲ့ လင်ဂတ်ကို အလိုရှိနေတာဖြစ်ပါတယ်။ ယူနိုက်တက်နည်းပြ အိုလေဂန်နာဆိုးလ်ရှားကတော့ လင်ဂတ်ကို အသင်းမှာသာ ဆက်လက်ထိန်းသိမ်းထားချင်နေတယ်လို့ ထုတ်ဖော်ပြောဆိုထားခဲ့ပေမယ့်လည်း လီဗာပူးလ်နဲ့ ကစားခဲ့ရတဲ့ အက်အေဖလားပွဲအပြီးမှာတော့ လင်ဂတ်က ပွဲထွက်ကစားခွင့်တွေ ရရှိချင်နေတဲ့အတွက် ကစားသမားနဲ့ သေချာဆွေးနွေးပြီး အနာဂတ်အတွက် ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်မယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ လင်ဂတ်ဟာ ဒီရာသီမှာ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ(၃)ပွဲကိုသာ ပါဝင်ကစားထားရပါသေးတယ်။

The post ဝက်စ်ဟမ်းအသင်းဆီကို အငှားစာချုပ်နဲ့ ပြောင်းရွှေ့ကစားဖွယ်ရှိနေတဲ့ မန်ယူကွင်းလယ်လူ လင်ဂတ် appeared first on MySport Myanmar.