မန်ချက်စတာယူနိုက်တက်အသင်းကတော့ မနေ့ညက ရိုးမားအသင်းရဲ့ အိမ်ကွင်း Stadio Olimpico ကွင်းမှာ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်အဖြစ် သွားရောက်ယှဉ်ပြိုင်ကစားခဲ့ပြီး (၃)ဂိုး(၂)ဂိုးဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ရပေမယ့်လည်း အိုးထရက်ဖိုဒ့်ကွင်းမှာ ယှဉ်ပြိုင်ထားခဲ့တဲ့ ပထမအကျော့ပွဲစဉ်မှာ ရိုးမားဘက်ကို (၆)ဂိုး(၂)ဂိုးနဲ့ အနိုင်ယူထားတာဖြစ်လို့ နှစ်ကျော့ပေါင်းရလဒ် (၈)ဂိုး(၅)ဂိုးနဲ့ အနိုင်ယူခဲ့ပြီး ဗိုလ်လုပွဲကို တတ်လှမ်းသွားခဲ့ရပါတယ်။

Photo Credit : TEAMtalk

ဒါဟာ ယူနိုက်တက်အသင်းအတွက်တော့ ၂၀၁၈ခုနှစ်နောက်ပိုင်းမှ ပြိုင်ပွဲတစ်ခုရဲ့ ဗိုလ်လုပွဲအဆင့်ဆီကို ပထမဆုံးအကြိမ်အဖြစ် ပြန်လည်တတ်လှမ်းလာနိုင်ခဲ့တာဖြစ်ပြီး ဒီနှစ်ဘောလုံးရာသီမှာလည်း ဆုဖလားတစ်လုံး ရယူနိုင်ဖို့ အခြေအနေကောင်းသွားခဲ့ပါတယ်။ ဒီနိုင်ပွဲနဲ့ပတ်သက်ပြီး အသင်းအတွက် ပါဝင်ကစားပေးခဲ့တဲ့ အသင်းခေါင်းဆောင် နောက်ခံကစားသမား ဟယ်ရီမက်ဂွိုင်းယားကတော့ သူတို့အသင်းက ရိုးမားဘက်ကို အခွင့်အရေးတွေ အရမ်းပေးခဲ့မိတယ်လို့ မှတ်ချက်ပြုပြောဆိုသွားခဲ့ပါတယ်။ မက်ဂွိုင်းယားက “ဗိုလ်လုပွဲကို တတ်လှမ်းခွင့်ရခဲ့တာကတော့ အသင်းအတွက် တကယ့်ကို အောင်မြင်မှုတစ်ခုပါပဲ”

Photo Credit : Goal

“ဒီပွဲမှာ ကျွန်တော်တို့ အနိုင်မရခဲ့တာကတော့ စိတ်ပျက်စရာကောင်းပါတယ်။ ဒါပေမယ့် ပထမအကျော့မှာတော့ ကျွန်တော်တို့တွေ အပြင်းအထန်ကို ကြိုးစားနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ကျွန်တော်တို့တွေ နည်းနည်းစိတ်လှုပ်ရှားစွာနဲ့ စကစားခဲ့တယ်။ ဒီပွဲက ဘတ်စကတ်ဘောပွဲတစ်ပွဲလိုမျိုးတောင် ဖြစ်နေရပြီးတော့ ဒုတိယပိုင်း ပွဲကစားချိန်မှာလည်း ကျွန်တော်တို့ဘက်ကနေ ပြိုင်ဘက်အသင်းအတွက် အခွင့်အရေးတွေများစွာ ပေးနေခဲ့မိတယ်။ အခုတော့ ကျွန်တော်တို့တွေ ဗိုလ်လုပွဲကို ရောက်ရှိလာခဲ့သလို ဒီဆုဖလားကြီးကို အရယူဆောင်သွားဖို့ အဆင့်သင့်ဖြစ်နေပါပြီ” လို့ ပြောဆိုသွားခဲ့ပါတယ်။ ဒါ့အပြင် မက်ဂွိုင်းယားက ဒီပွဲစဉ်မှာ အသင်းအတွက် သွင်းဂိုး(၂)ဂိုးကို သွင်းယူပေးနိုင်ခဲ့တဲ့ ဝါရင့်တိုက်စစ်မှူးကြီး အက်ဒီဆင်ကာဗာနီရဲ့ စွမ်းဆောင်ရည်တွေနဲ့ ပတ်သက်ပြီးတော့ကိုလည်း “အက်ဒီဆင် သွင်းယူခဲ့တဲ့ သွင်းဂိုး(၂)ဂိုးလုံးက တကယ့်ကို ထိပ်တန်းဂိုးတွေပါ။ ဘောလုံးက ခြေထောက်ထဲမှာ ရှိမနေချိန်မှာတောင် သူရဲ့နေရာယူပုံတွေ သူရဲ့လုပ်အားတွေက တကယ့်ကို ပြီးပြည့်စုံလှပါတယ်။ သူရဲ့ဒုတိယဂိုးဆိုရင် ဒါက သူသွင်းယူနေကြပုံစံမျိုး ဖြစ်ပြီး ဒီလို အံ့မခန်းသွင်းဂိုးတွေကိုလည်း သူရဲ့ကစားသမားဘဝ တလျှောက်လုံးမှာ များစွာသွင်းယူနိုင်ခဲ့ပါတယ်” လို့ ချီးကျူးပြောဆိုသွားခဲ့ပါတယ်။

The post ရိုးမားနဲ့ပွဲက ဘတ်စကတ်ဘောပွဲလိုမျိုး ဖြစ်နေခဲ့ရတယ်လို့ မန်ယူနောက်ခံလူ မက်ဂွိုင်းယားပြောဆို appeared first on MySport Myanmar.