ပြင်သစ်အသင်းရဲ့ ကွင်းလယ်ကစားသမားတစ်ယောက်ဖြစ်သလို ချယ်လ်ဆီးအသင်းရဲ့ အဓိက ကွင်းလယ်လူတစ်ဦးလည်းဖြစ်တဲ့ အန်ဂိုလိုကန်တီဟာ တနေ့က ယူကရိန်းလက်ရွေးစင်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ ဥရောပဇုန် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်အတွင်းမှာ အသေးစား တံကောက်ကြောဒဏ်ရာတစ်ခု ရရှိခဲ့တာကြောင့် ပြင်သစ်အသင်းရဲ့ နောက်ထပ်ခြေစစ်ပွဲစဉ်(၂)ပွဲကို လွဲချော်ရတော့မယ့်အပြင် ချယ်လ်ဆီးအသင်းရဲ့ ပွဲစဉ်တချို့ကိုပါ လွဲချော်ရဖွယ် ရှိနေပါတယ်။

Photo Credit : The Independent

အသက်(၂၉)နှစ်အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် ကွင်းလယ်ကစားသမားကန်တီဟာ ယူကရိန်းနဲ့ ပြင်သစ်အသင်းတို့ တစ်ဖက်ကို တစ်ဂိုးစီနဲ့ သရေကျခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်မှာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားခဲ့ပြီး ပွဲပြီးဆုံးချိန်ထိ ယှဉ်ပြိုင်ကစားခဲ့ပေမယ့်လည်း ပွဲအတွင်းမှာတော့ တံကောက်ကြောဒဏ်ရာ အသေးစားလေးကို ရရှိသွားခဲ့တာကြောင့် ပြင်သစ်အသင်းရဲ့ ဆက်လက်ကစားဖို့ ရှိနေသေးတဲ့ ခြေစစ်ပွဲ(၂)ပွဲကို လွဲချော်ရတော့မှာဖြစ်ပြီး ကန်တီကိုလည်း သူရဲ့ကလပ်အသင်းရှိရာ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ဆီကိုပဲ ပြန်လည်သွားရောက်ခွင့် ပြုလိုက်ရပါတယ်။

Photo Credit : FotMob

ဒါကြောင့် ကန်တီဟာ လာမယ့် (၂၈)ရက်နေ့ ကာဇတ်စတန်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ခြေစစ်ပွဲကိုရော ဘော့စနီးယားအသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် ခြေစစ်ပွဲကိုပါ ဆက်တိုက်လွဲချော်ရမှာဖြစ်ပါတယ်။ ကမ္ဘာ့အဆင့် ကွင်းလယ်ကစားသမားတွေကို ပိုင်ဆိုင်ထားတဲ့ ပြင်သစ်လက်ရွေးစင်အသင်းအတွက် ကန်တီမပါဝင်နိုင်ခြင်းက ပြသာနာတစ်ခု မဖြစ်လာနိုင်ပေမယ့်လည်း ပွဲကျပ်တွေ ဆက်တိုက်ကစားရဖို့ ရှိနေတဲ့ ချယ်လ်ဆီးအသင်းအတွက်ကတော့ ကန်တီရဲ့ဒဏ်ရာက ထိုးနှက်ချက်တစ်ခု ဖြစ်လာနိုင်ပါတယ်။ ကန်တီရဲ့ဒဏ်ရာအခြေအနေက ဘယ်လောက်အထိ ဆိုးရွှားမလဲဆိုတာကို မသိရှိရသေးပေမယ့်လည်း ရက်သတ္တပတ်အနည်းငယ်လောက်တော့ အနားယူရဖွယ်ရှိတာကြောင့် ပြင်သစ်အသင်းရဲ့ ပွဲစဉ်တွေအပါအဝင် ချယ်လ်ဆီးအသင်းရဲ့ ပွဲစဉ်အနည်းငယ်ကိုပါ လွဲချော်ရဖို့ ရှိနေပါတယ်။ ချယ်လ်ဆီးအသင်းဟာ လာမယ့် ဧပြီ(၃)ရက်နေ့မှာပဲ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဝက်စ်ဘရွန်းအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲပြီးတာနဲ့ ပေါ်တိုအသင်းနဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်ကို ဆက်တိုက်ကစားရမှာဖြစ်ပါတယ်။ ကန်တီလိုပဲ နောက်ထပ်ပရီးမီးယားလိဂ် ကစားသမားတစ်ယောက်ဖြစ်တဲ့ အာဆင်နယ်ကွင်းလယ်လူ မာတင်အိုဒီဂတ်လည်း ကမ္ဘာ့ဖလားခြေစစ်ပွဲအတွင်းမှာပဲ ဒဏ်ရာရသွားခဲ့တာကြောင့် အာဆင်နယ်ရဲ့ပွဲစဉ်တချို့ကို လွဲချော်ရဖွယ် ရှိနေပါတယ်။

The post ယူကရိန်းနဲ့ ခြေစစ်ပွဲစဉ်အတွင်းမှာ ဒဏ်ရာပြသာနာ ရရှိသွားခဲ့တဲ့ ပြင်သစ်ကွင်းလယ်လူ ကန်တီ appeared first on MySport Myanmar.