ကလပ်အသင်းတစ်သင်းတည်းမှာ နှစ်ပေါင်းများစွာ သစ္စာရှိရှိနဲ့ ပါဝင်ကစားပေးဖို့ဆိုတာ မလွယ်ကူလှပါဘူး။ အထူးသဖြင့်တော့ အောင်မြင်ကျော်ကြားတဲ့ ဘောလုံးသမားတစ်ယောက်အတွက် ပိုလို့တောင် ခက်ခဲပါသေးတယ်။ လီယွန်နယ်မက်ဆီလည်း သူ့ကို ကမ္ဘာ့အကောင်းဆုံး ကစားသမား မက်ဆီဆိုပြီး ဖြစ်လာအောင် မွေးထုတ်ပေးခဲ့တဲ့ ဘာစီလိုနာအသင်းတစ်သင်းတည်းမှာပဲ စတင်ပွဲဦးထွက်ခဲ့ချိန်ကနေ အခုထိကို နှစ်ပေါင်းမြောက်များစွာ ပါဝင်ကစားပေးထားခဲ့တာဖြစ်ပေမယ့် လာမယ့်နွေမှာတော့ အသင်းနဲ့အတူ နောက်ထပ်ဘောလုံးရာသီတွေကို ဆက်လက်အတူရှိနေပါတော့မလားဆိုတာ မသေမချာ ဖြစ်လာခဲ့ရပါတယ်။

Photo Credit : Getty Image

မက်ဆီဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာ ဘာစီလိုနာအသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး အခုအချိန်ထိကို အသင်းမှာပဲ ဆက်လက်ရှိနေမလား ဒါမှမဟုတ် နှစ်ပေါင်းများစွာ လက်တွဲခဲ့တဲ့ အသင်းနဲ့ လမ်းခွဲပြီး တခြားအသင်းသစ် တစ်သင်းကိုပဲ ပြောင်းသွားမလားဆိုတာကို အသေအချာ မသိရှိရသေးတာကြောင့် ဘာမဆိုတော့ ဖြစ်သွားနိုင်ပါတယ်။ တကယ်လို့များသာ မက်ဆီက ဘာစီလိုနာအသင်းကို ကျောခိုင်းသွားခဲ့မယ်ဆိုရင် အသင်းအနေနဲ့ ကောင်းကောင်းမွန်မွန် ရှေ့ဆက်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ လက်ရှိ ဘာစီလိုနာအသင်းကို ကိုင်တွယ်နေတဲ့ နည်းပြရော်နယ်ကိုးမန်းက ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Goal

ကိုးမန်းက “မက်ဆီက ဘာစီလိုနာအသင်းအတွက် ဒီနှစ်ရာသီမှာ လာလီဂါသွင်းဂိုးပေါင်း ဂိုး(၃၀)အထိ သွင်းယူပေးထားခဲ့သလို ရမှတ်ပေါင်းများစွာကိုလည်း ရယူပေးထားနိုင်ခဲ့တယ်။ သူအသင်းမှာ ဆက်ရှိမရှိဆိုတာကတော့ သူ့အတွက် မေးခွန်းပဲ ဖြစ်နေမှာပါ။ ကျွန်တော့်အတွက်နဲ့ အသင်းအတွက်နဲ့ဆိုရင်တော့ ဒီမှာပဲ သူ့ကို ဆက်ရှိနေစေချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူသာ ဒီအသင်းမှာ ရှိမနေတော့ဘူးဆိုရင် ဘယ်ကစားသမားက အသင်းအတွက် သူ့လိုမျိုး ဂိုးတွေများစွာ သွင်းယူပေးနိုင်မလဲဆိုတာကို သံသယဝင်နေရတော့မှာပါ။ အသင်းမှာပဲ ဆက်ရှိနေဖို့ ကျွန်တော်တို့ မျှေုာ်လင့်ပါတယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ အနာဂတ်နဲ့ပတ်သက်ပြီး သတင်းတွေ မျိုးစုံထွက်ပေါ်နေရပေမယ့် မက်ဆီအနေနဲ့ကတော့ သူနဲ့ နှစ်ပေါင်းများစွာ လက်တွဲခဲ့တဲ့ ကလပ်အသင်းကို အလွယ်တကူ လက်တွဲဖြုတ်နိုင်မှာမဟုတ်ပဲ အသင်းနဲ့လည်း စာချုပ်သစ်ချုပ်ဆိုတာလည်း ဖြစ်သွားနိုင်ပါတယ်။

The post ဘာစီလိုနာအသင်းက မက်ဆီမပါဝင်ပဲ ရှေ့ဆက်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ နည်းပြကိုးမန်း ပြောဆို appeared first on MySport Myanmar.