ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းထံ တစ်ရာသီ အငှားနဲ့ လာရောက် ကစားတဲ့ နိုင်ဂျီးရီးယား တိုက်စစ်မှူးဟောင်း အစ်ဟာလို ကတော့ ယခုလ အတွင်းမှာပဲ မန်ချက်စတာ ယူနိုက်တက် အသင်းကနေ ထွက်ခွာရတော့မယ့် ကစားသမား တစ်ဦးပဲ ဖြစ်ပါတယ်။ အသက် ၃၁နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ နိုင်ဂျီးရီးယား တိုက်စစ်မှူးဟောင်း အစ်ဟာလိုဟာ ၂၀၂၀ ခုနှစ် ၊ ဇန်နဝါရီလ အပြောင်းအရွှေ့မှာ မန်ချက်စတာ ယူနိုက်တက် အသင်းထံ ရာသီဝက် အငှားနဲ့ လာရောက် ကစားခဲ့သူ ဖြစ်ပြီး ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တာကြောင့် ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ အသင်းနဲ့ နောက်ထပ် ရာသီဝက် ထပ်မံ သက်တမ်း တိုးခဲ့သူပါ။

Photo Credit: Metro

အစ်ဟာလိုဟာ ငယ်စဉ်ကတည်းက မန်ချက်စတာ ယူနိုက်တက် အသင်းကို အားပေးခဲ့တဲ့ အမာခံ ပရိသတ် တစ်ဦး ဖြစ်တာကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်းက သူ့ကို ခေါ်ယူဖို့ အတွက် ကမ်းလှမ်း လာချိန်မှာ ရှန်ဟိုင်းရှင်ဟွာ အသင်းရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကိုပါ ငြင်းဆန်ကာ မန်ချက်စတာ ယူနိုက်တက် အသင်းထံ အငှားနဲ့ ပြောင်းရွှေ့ခဲ့သူပဲ ဖြစ်ပါတယ်။ အစ်ဟာလိုဟာ ပြီးခဲ့တဲ့နှစ် ဘောလုံး ရာသီမှာ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ပြိုင်ပွဲစုံမှာ ၁၈ပွဲအထိ ပါဝင် ကစား ပေးနိုင်ခဲ့ကာ သွင်းဂိုး ၅ဂိုး သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၁ကြိမ် ပြုလုပ် နိုင်ခဲ့ပေမယ့် ယခုနှစ် ဘောလုံးရာသီ မှာတော့ အသင်းအတွက် ၁၅၇မိနစ်သာ ကစားခွင့် ရရှိထားသူပါ။ ဒါ့ကြောင့်ပဲ အစ်ဟာလိုဟာ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ အငှားစာချုပ် ကုန်ဆုံးမယ့် ယခုလ အတွင်းမှာပဲ အသင်းကနေ ထွက်ခွာတော့မှာပဲ ဖြစ်ပါတယ်။

Photo Credit: Metro

လက်ရှိမှာတော့ အစ်ဟာလိုကို ခေါ်ယူဖို့ အတွက် စီးရီးအေ အသင်းတွေ ၊ ပရီးမီးယားလိဂ် အသင်းတွေနဲ့ မေဂျာလိဂ် အသင်းတချို့က စိတ်ဝင်စား နေပေမယ့် အစ်ဟာလို ကတော့ သူဟာ မေဂျာလိဂ်ထံသာ သွားရောက် ကစားချင်ကြောင်း ဆိုသွားခဲ့ပါတယ်။ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး အစ်ဟာလိုက “ ကျွန်တော်က မေဂျာလိဂ်ပွဲတွေကို ကြည့်ဖြစ်နေသလို မေဂျာလိဂ်ဟာ ကောင်းကောင်းကြီး တိုးတက် လာနေပါတယ်။ ဒါ့ကြောင့် ကျွန်တော် မေဂျာလိဂ်မှာ ကစားချင်ပါတယ်။ အခုချိန်မှာ ကျွန်တော်က ကမ်းလှမ်းမှုတွေကို စောင့်ဆိုင်းနေပြီး သင့်တော်တဲ့ ကမ်းလှမ်းမှုသာ ရမယ် ဆိုရင် မေဂျာလိဂ်မှာ သွားရောက် ကစားနိုင်မယ့် အခွင့်အလမ်းကို ကျိန်းသေပေါက် ဆုပ်ကိုင်သွားမှာပါ။ ဘာ့ကြောင့်လဲ ဆိုတော့ မေဂျာလိဂ်က အကောင်းဆုံး တိုးတက်နေသလို ကျွန်တော်ကလည်း အဲ့ဒီမှာ ကောင်းမွန်တဲ့ ဘဝတစ်ခုကို ရရှိနိုင်လို့ပါပဲ။ ဒေးဗစ်ဘက်ခမ်းရဲ့ အသင်းကလည်း တိုးတက်နေပါတယ်။ ဒါ့ကြောင့် အဲ့ဒီကနေသာ ကမ်းလှမ်းမှု ရမယ် ဆိုရင် ကျွန်တော်က ဘာ့ကြောင့် အဲ့ဒီ အခွင့်အရေးကို မယူရမှာလဲ” ဆိုပြီး ပြောကြား သွားပါတယ်။

The post မေဂျာလိဂ်ဆီ ပြောင်းရွှေ့ချင်ကြောင်း ဖွင့်ဟလာတဲ့ မန်ယူအပယ်ခံ အစ်ဟာလို appeared first on MySport Myanmar.