ဆုပ်ကိုင်ထားတဲ့အရာတွေကို လွှတ်ချဖို့ဆိုတာ ဘယ်တော့မှ လွယ်ကူခဲ့တာ မဟုတ်ပါဘူး။ ဘယ်လောက်ပဲ မာကျောတဲ့သူ ဖြစ်ပါစေ။ ကိုယ်အလေးအနက် ကိုင်စွဲထားတဲ့ အယူဝါဒတွေ ၊ မြတ်နိုးရတဲ့အရာတွေကို ဒီအတိုင်း ချန်ထားခဲ့ပြီး ပြောင်းလဲမှု လုပ်ဖို့ဆိုရင် မတွေဝေဖူးတဲ့အခါ ရှိမယ် မထင်ပါဘူး။

ဒါပေမဲ့လည်း မဖြစ်မနေ လိုအပ်တဲ့အချိန်မှာ အပြောင်းအလဲကို ခေါင်းမာမာနဲ့ ငြင်းဆန်နေခြင်းဟာ ဆုံးရှုံးမှုတွေနဲ့နောင်တရစရာတွေပဲ ကြုံလာနိုင်ပါတယ်။ ဒီလို ခက်ခဲစွာ ရှေ့ဆက်ရတော့မယ့် အချိန်မှာ အ‌ခုပြောမယ့်အချက်လေးတွေလည်း သိထားသင့်ပါတယ်။

(၁) ဘယ်အချိန်မှာ ရှေ့ဆက်ရမလဲ သိပါစေ

Photo: Freepik

လက်ရှိနေရာမှာ ဆက်နေရင်းနဲ့ နာကျင်စရာတွေပဲ ကြုံလာတဲ့အခါ ၊ ဒီအတိုင်းဆို ရှေ့လျှောက်လည်း ပိုကောင်းစရာ မမြင်ရတဲ့အခါ လွှတ်ချတတ်ပါစေ။ လွှတ်ချဖို့အတွက် ရိုးသားစေ့စပ်ပြီး သေချာတိကျတဲ့ အကြောင်းပြချက်တော့ ဖြစ်ဖို့ လိုပါတယ်။

(၂) ကိုယ့်အတွက် အချိန်ပေးပါ

Photo: Freepik

တက်လမ်းမရှိတဲ့အလုပ်တစ်ခု ၊ ပျက်စီးလာတဲ့ ဆက်ဆံရေးနဲ့ ဆိုးဝါးမှားယွင်းနေတဲ့ အကျင့်တွေကို လွှတ်ချလိုက်ဖို့ ဆုံးဖြတ်လိုက်ပြီ ဆိုရင်လည်း ကိုယ့်ကိုယ်ကိုယ် အချိန်ပေးတတ်ဖို့ လိုမှာပါ။ နာကျင်မှု ၊ ဒေါသနဲ့ ပူဆွေးသောကတွေ ချန်ထားခဲ့ပြီး နောက်တစ်ဆင့် သွားမယ့်ခရီးအတွက် အားမွေးရမှာ ဖြစ်လို့ ကိုယ့်ကိုယ်ကိုယ် ပြုစုစောင့်ရှောက်ချိန်ပေးလိုက်ပါ။

(၃) လာမယ့်အရာတွေကို ကြောက်မနေပါနဲ့

Photo: Freepik

အကြောက်တရားဆိုတာ ရှောင်ပြေးရမယ့်အရာ မဟုတ်ပါဘူး။ ရင်ဆိုင်ရမယ့်အရာ ဖြစ်ပါတယ်။ မသိရသေးတဲ့ အနာဂါတ်ကို စိုးရိမ်ပူပန်နေမယ့်အစား ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနဲ့ ကြိုတင်ပြင်ဆင်ထားပါ။ အခက်အခဲတွေဟာ စိတ်ဓါတ်ကောင်းတွေနဲ့ ဖြတ်သန်းရမယ့်အရာတွေ ဖြစ်ပါတယ်။

(၄) သင်ခန်းစာ ယူထားပါ

Photo: Freepik

ပြီးခဲ့တာတွေဆိုတာ ပြန်ပြင်လို့မှ မရပါဘူး။ ပြန်သင်ယူလို့ပဲ ရတာ ဖြစ်ပါတယ်။ အခြေအနေတွေကို ခေါင်းအေးအေးနဲ့ ပြန်ပြီး သင်ခန်းစာ ယူတတ်ပြီဆိုရင် ပိုကောင်းတဲ့ လူတစ်ယောက်အဖြစ် ကိုယ့်ကိုယ်ကိုယ် ပြောင်းနိုင်ဖို့ သေချာပါတယ်။

(၅) ပိုကောင်းတဲ့ ပစ္စုပ္ပန်တွေ ဖန်တီးပါ

Photo: Freepik

အသစ်တစ်ခု လိုချင်ရင် အဟောင်းကို ဖယ်ရှားဖို့ လိုပါတယ်။ ကိုယ့်ဘဝထဲက အတိတ်ဟောင်း စာမျက်နှာတွေ ပြန်မလှန်ဘဲ ကောင်းမွန်လှပတဲ့ ပစ္စုပ္ပန်စာမျက်နှာသစ်တွေပဲ နေ့စဉ် ရေးသားသွားရမှာပါ။ တစ်ခုခုကို လွှတ်ချပြီးနောက် ရှေ့ဆက်တဲ့အခါ ကိုယ့်ရဲ့ စိတ်နေသဘောထားကိုလည်း ပိုပြီးကြံ့ခိုင်အေးချမ်းအောင် တည်ဆောက်ရပါတယ်။ ဘဝမှာ လွှတ်ချတိုင်း ရှုံးနိမ့်ခဲ့တာ မဟုတ်သလို ရှုံးနိမ့်မှုတိုင်းကိုလည်း ရှက်စရာလို့ မမြင်တတ်ဖို့ လိုပါတယ်။ အမှားတွေကြောင့်ပဲ လူတော်တွေ ဖြစ်လာတာပါ။ အမှားတစ်ခုချင်းစီဟာ ကိုယ့်ကို တိုးတက်အောင် တည်ဆောက်ရာမှာ ခိုင်မာတဲ့ အုတ်ချပ်တွေ ဖြစ်ဖို့သာ ကြိုးစားသင့်ပါတယ်။