ချယ်လ်ဆီးအသင်းရဲ့နည်းပြ သောမတ်စ်တူဟယ်လ်ကတော့ မကြာသေးခင်ကမှ ချယ်လ်ဆီးအသင်းကို ရောက်ရှိလာခဲ့တာဖြစ်ပေမယ့်လည်း အသင်းကို ရလဒ်ပိုင်း မတည်မငြိမ်မှုတွေကနေ လွတ်မြောက်လာနိုင်အောင် စွမ်းဆောင်ပေးခဲ့ပြီး လမ်းကြောင်းမှန်ပေါ်ရောက်အောင် တွန်းတင်ထားပေးထားနိုင်ခဲ့သလို လက်ရှိ သူ့အသင်းရဲ့ ကစားသမားအင်အားအပေါ်မှာလည်း အားရကျေနပ်လျက် ရှိနေတယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : We Ain’t Got No Histroy

ပီအက်စ်ဂျီ ဒေါ့မွန်အသင်းတိုရဲ့ နည်းပြဟောင်းတစ်ယောက်ဖြစ်တဲ့ တူဟယ်လ်ဟာ ဖရန့်လမ်းပတ်နဲ့ လမ်းခွဲခဲ့တဲ့ ချယ်လ်ဆီးအသင်းရဲ့ နည်းပြသစ်တစ်ယောက်အဖြစ် ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်ပိုင်းလောက်ကပဲ စတင်ခန့်အပ်ခဲ့တာဖြစ်ပြီး သူရဲ့လက်အောက်မှာ ချယ်လ်ဆီးအသင်းက ပြိုင်ပွဲစုံ လုံးဝရှံးပွဲမရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။ ပြိုင်ပွဲအရပ်ရပ်မှာ အခြေအနေကောင်းနေတဲ့ ချယ်လ်ဆီးအသင်းအနေနဲ့ တကယ်လို့များ လာမယ့်နွေစျေးကွက်အတွင်း Transfer Ban လို့ခေါ်တဲ့ ကစားသမားခေါ်ယူခွင့် ပိတ်ပင်ခံထားရမယ်ဆိုရင်တောင်မှ လက်ရှိ အသင်းရဲ့လူစာရင်းနဲ့ ဘောလုံးရာသီတစ်ခုကို ကောင်းကောင်းမွန်မွန် ခရီးဆက်နိုင်သေးတယ်လို့ တူဟယ်လ်က ယုံကြည်စွာ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : TEAMtalk

တူဟယ်လ်က “အရိုးသားဆုံးပြောရမယ်ဆိုရင် တကယ်လို့များ မနက်ဖြန်မှာပဲ ကျွန်တော်တို့အသင်း ကစားသမားခေါ်ယူမှု ပိတ်ပင်ခြင်းခံလိုက်ရမယ်ဆိုရင်တောင် နောက်ဘောလုံးရာသီကို ကျွန်တော်ပျော်ပျော်ရွှင်ရွှင်နဲ့ပဲ ဆက်လက်ကိုင်တွယ်နိုင်မှာပါ။ ကျွန်တော် ဒီအသင်းကို နောက်ထပ်အဆင့်တစ်ခုဆီ ရောက်ရှိနိုင်အောင် တွန်းပို့ပေးသွားမှာပါ။ ဒီလိုလုပ်ဆောင်ဖို့အတွက်ကိုလည်း ကျွန်တော့်ဆီမှာ အကြံညဏ်တွေ ရှိနေပါတယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ တူဟယ်လ်ဟာ အသင်းကို စတင်ရောက်ရှိလာချိန်ကတည်းကနေ လက်ရှိအချိန်ထိ အကောင်းဆုံးပုံစံတွေ ရရှိအောင် ကိုင်တွယ်ထားနိုင်ခဲ့လို့ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ မတ်လတစ်လတာအတွင်း အကောင်းဆုံးနည်းပြဆုကိုပါ ဆွတ်ခူးထားနိုင်ခဲ့ပါတယ်။ လတ်တလောမှာ အသင်းကို ချန်ပီယံလိဂ်မှာရော အက်အေဖလားမှာပါ ဆုဖလားကိုင်မြှောက်ခွင့်ရဖို့ အလားအလာကောင်းတဲ့ အနေအထားမျိုး ရောက်ရှိနေအောင် စွမ်းဆောင်ပေးထားတဲ့ တူဟယ်လ်ကို အသင်းပိုင်ရှင် အေဗရာမိုဗစ်ဘက်ကနေ စျေးကွက်အတွင်းမှာ အသုံးစရိတ်များစွာ ပေးအပ်သွားဖို့ ရှိနေပြီး တူဟယ်လ်ကလည်း တိုက်စစ်ပိုင်းအတွက် ဟာလန်းကို ကမ်းလှမ်းဖွယ် ရှိနေပါတယ်။

The post ကစားသမား ခေါ်ယူခွင့် ပိတ်ပင်ခံထားရရင်တောင် အသင်းအတွက် အဆင်ပြေနေသေးတယ်ဆိုတဲ့ တူဟယ်လ် appeared first on MySport Myanmar.