မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အဓိက ကစားသမားတစ်ယောက်ဖြစ်တဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ဘရူနိုဖာနန်ဒက်စ်က သူတို့အသင်းမှာ ကစားသမားကောင်းတွေများစွာ ပိုင်ဆိုင်ထားရလို့ စိတ်ကျေနပ်ရတယ်လို့ ခံစားနေရပြီး သူ့လိုပဲ ကွင်းလယ်တိုက်စစ်နေရာမှာ ကစားတတ်သူဖြစ်တဲ့ ကွင်းလယ်လူ ဒွန်နီဗန်ဒယ်ဘိခ်မှာလည်း အသင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ဦးဖြစ်နေပေမယ့် ဗန်ဒယ်ဘိခ်လို အသင်းအတွက် ပွဲချိန်အနည်းငယ်လေးသာ ပါဝင်ကစားရမယ်ဆိုရင်တော့ သူလည်းပျော်ရွှင်နိုင်မှာမဟုတ်ဘူးလို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Eurosport

အသက်(၂၃)နှစ်အရွှယ်ရှိ နယ်သာလန်လက်ရွေးစင် ကွင်းလယ်ကစားသမား ဗန်ဒယ်ဘိခ်ဟာ ပြီးခဲ့တဲ့ နွေစျေးကွက်အတွင်းကမှ အေဂျက်စ်ကနေ ယူနိုက်တက်အသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး တကယ့်ကို အရည်အသွေးရှိလှတဲ့ ကစားသမားဖြစ်တာကြောင့် ယူနိုက်တက်ကွင်းလယ်မှာ နေရာသေချာပေါက် ရရှိနိုင်လိမ့်မယ်လို့ အများက ယူဆခဲ့ကြပါတယ်။ ဒါပေမယ့် တကယ်တမ်းမှာတော့ ဆိုးလ်ရှားကိုယ်တိုင်က ဗန်ဒယ်ဘိခ်ကို အသင်းမှာ နေရာသိပ်မပေးပဲ ပေါ့ဘာ ဖာနန်ဒက်စ် တွမ်မီနေးနဲ့ ဖရက်ဒ်တို့ကိုပဲ ကွင်းလယ်မှာ နေရာပိုပေးနေတာကြောင့် ဒီအခြေအနေကို ဗန်ဒယ်ဘိခ်ကိုယ်တိုင်က စိတ်ပျက်လျက်ရှိနေတာဖြစ်ပါတယ်။

Photo Credit : Teamtalk

အသင်းဖော် ဗန်ဒယ်ဘိခ်ရဲ့ အခြေအနေနဲ့ပတ်သက်ပြီး ဖာနန်ဒက်စ်က “ကျွန်တော်တို့အသင်းမှာ အင်အားတောင့်တင်းတဲ့ လူစာရင်းကို ပိုင်ဆိုင်ထားလို့ ရွေးချယ်စရာတွေလည်း အများကြီးရှိပါတယ်။ လီဗာပူးလ်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ ပွဲစဉ်မှာ ကျွန်တော်တို့အသင်းရဲ့ ပွဲထွက်လူစာရင်းနဲ့ အရန်လူစာရင်းကို ကြည့်လိုက်မယ်ဆိုရင် ခင်ဗျားတို့ သိနိုင်မှာပါ။ ဒါကြောင့် အသင်းအတွက် ကစားသမားတစ်ယောက်နှစ်ယောက် အပြောင်းအလဲ လုပ်လိုက်ရတယ်ဆိုရင်လည်း ပြသာနာမဖြစ်သွားနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ဆီမှာ ကစားသမားကောင်းတွေပဲ ပိုင်ဆိုင်ထားတာမို့ပါ။ ဒွန်နီလည်း ဒီပွဲစဉ်မှာ အကောင်းဆုံးဖြစ်အောင် ကစားသွားနိုင်ခဲ့တယ်။ သူက ကျွန်တော်ကစားတဲ့ နေရာမှာ ကစားသွားခဲ့တယ်။ သူကစားသွားတာကို ကြည့်နေရင်းနဲ့ သူရဲ့ရွေ့လျားမှုတွေ အရမ်းကောင်းခဲ့တာကို မြင်တွေ့ခဲ့ရတယ်။ အရမ်းကောင်းပါတယ်။ သူက အသင်းအတွက် အရေးပါအောင် ကစားသွားနိုင်ခဲ့တယ်။ ကျွန်တော်သာ ဒွန်နီလို နေရာမျိုးမှာ ရှိနေရမယ်ဆိုရင်လည်း ပျော်ရွှင်မိမှာ မဟုတ်ပါဘူး။ ဒါပေမယ့် တကယ်အရေးကြီးတာက အသင်းအတွက် ကစားခွင့်ရတဲ့ ပွဲတွေတိုင်းမှာ ခြေစွမ်းပြနိုင်ဖို့ အသင်းအတွက် အကူအညီပေးနိုင်ဖို့ပါပဲ” လို့ ထုတ်ဖော်ပြောဆိုသွားနိုင်ခဲ့ပါတယ်။

The post သူသာ ဗန်ဒယ်ဘိခ်နေရာမှာ ရောက်နေခဲ့မယ်ဆိုရင်လည်း ပျော်ရွှင်နိုင်မှာမဟုတ်ဘူးလို့ ဖာနန်ဒက်စ်ပြောဆို appeared first on MySport Myanmar.