အသက်လက်တီကိုမက်ဒရစ်အသင်းရဲ့ တိုက်စစ်ကစားသမားကြီး လူးဝစ်ဆွာရက်ဇ်က သူရဲ့ကလပ်အသင်းဟောင်း ဘာစီလိုနာအသင်းဟာ သူ့အပေါ် လေးစားမှုမရှိတဲ့ စကားလုံးတွေကို ပြောဆိုခဲ့တာကြောင့် သူအနေနဲ့ စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရပြီး သူရဲ့လက်ရှိအသက်အရွှယ်အရ ထိပ်တန်းအဆင့်မှာ ပါဝင်ကစားဖို့ အသက်ကြီးလွန်းနေတယ်လို့လည်း ဘာစီလိုနာဘက်ကနေ ပြောဆိုခဲ့ကြောင်း ဆွာရက်ဇ်က ပြန်လည်ဖွင့်ဟသွားခဲ့ပါတယ်။
Photo Credit : NOS
အသက်(၃၄)နှစ်အရွှယ်ရှိ ဥရုဂွေးလက်ရွေးစင် တိုက်စစ်ကစားသမား ဆွာရက်ဇ်ဟာ ဘာစီလိုနာအသင်းမှာ ၂၀၁၄ခုနှစ်ကနေ (၆)နှစ်နီးပါးအထိကို ပါဝင်ကစားခဲ့ပြီး အသင်းနဲ့လည်း ဆုဖလားများစွာကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ ဆွာရက်ဇ်ဟာ ဘာစီလိုနာအသင်းအတွက် အကောင်းဆုံးကစားနိုင်ခဲ့သူဖြစ်ပေမယ့်လည်း အသင်းဘက်ကတော့ သူ့ကို ဒီနှစ်ရဲ့ နွေစျေးကွက်အတွင်းမှာပဲ အသင်းကနေ အလွယ်တကူ ထွက်ခွာစေခဲ့ပြီး သူတို့အသင်းရဲ့ ပြိုင်ဘက်အသင်းဖြစ်တဲ့ အသက်လက်တီကိုမက်ဒရစ်အသင်းဆီကို ပြောင်းရွှေ့ကြေးအနည်းငယ်နဲ့ ရောင်းချခဲ့ပါတယ်။
Photo Credit : Goal
အသင်းဟောင်းရဲ့ လေးစားမှုမရှိတဲ့ ကိစ္စတွေအပေါ် ဆွာရက်ဇ်က “ဘယ်အရာက ကျွန်တော်အတွက် စိတ်အနှောင့်အယှက် ဖြစ်စေသလဲဆိုတော့ အသင်းဘက်ကနေ ကျွန်တော့်ကို ထိပ်တန်းအဆင့်မှာ ပါဝင်ကစားဖို့အတွက် အသက်ကြီးလွန်းနေပြီလို့ ပြောဆိုခဲ့တဲ့ စကားပါပဲ။ ဒီစကားကို ကျွန်တော့်ကို လေးစားမှုမရှိတဲ့ စကားမျိုး ဖြစ်နေရပါတယ်။ တကယ်လို့များ ကျွန်တော်က ဘာစီလိုနာအသင်းအတွက် (၃) (၄)ရာသီလောက် ဘာမှကို မစွမ်းဆောင်နိုင်ခဲ့ဘူးဆိုရင် သူတို့ရဲ့ပြောစကားကို နားလည်မိမှာပါ။ ဒါပေမယ့် ကျွန်တော်က ဘာစီလိုနာမှာ ကစားခဲ့စဉ်အတွင်း တစ်ရာသီကို သွင်းဂိုး(၂၀)လောက် သွင်းယူခဲ့တာပါ။ ဘာစီလိုနာအသင်းအတွက် ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ လိုအပ်လာတယ်ဆိုတာကို ကျွန်တော်လက်ခံပါတယ်။ ဒါပေမယ့် ကျွန်တော်ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ဖြစ်ပေါ်ခဲ့တဲ့ အကြောင်းအရာတစ်ခုကပဲ ကျွန်တော့်အတွက် စိတ်ပျက်စေခဲ့ရတာပါ။ ကျွန်တော်အနေနဲ့ လေးစားမှုအနည်းငယ်လောက်တော့ ရထိုက်သင့်တယ်လို့ ကျွန်တော်ထင်မိပါတယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ဆွာရက်ဇ်ဟာ ဒီနှစ်ဘောလုံးရာသီမှာ လာလီဂါသွင်းဂိုး(၁၆)ဂိုးအထိ သွင်းယူထားခဲ့ပြီး သူရဲ့အသင်းဖော်ဟောင်း မက်ဆီနဲ့အတူ သွင်းဂိုးအရေအတွက်ချင်း တူညီလို့နေသလို သူရဲ့ခြေစွမ်းကောင်းတွေကိုလည်း ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။
The post ဘာစီလိုနာအသင်းဘက်က သူ့ကို လေးစားမှုမရှိတဲ့ စကားတွေပြောဆိုခဲ့ကြောင်း ဆွာရက်ဇ်ဖွင့်ဟလာခဲ့ appeared first on MySport Myanmar.