ဝက်စ်ဟမ်းယူနိုက်တက်အသင်းရဲ့ နောက်ခံအစွန်လူ ကူဖယ်လ်က သူရဲ့အသင်းဖော် ကွင်းလယ်ကစားသမား ဂျက်ဆီလင်ဂတ်ရဲ့ အသင်းအတွက် အကောင်းဆုံးစွမ်းဆောင်ပေးနိုင်မှုကို ချီးကျူးပြောဆိုလာခဲ့ပြီး သူ့လို အရည်အချင်းရှိလှတဲ့ ကစားသမားမျိုးကို မန်ချက်စတာယူနိုက်တက်အသင်းဘက်ကနေ ဘာကြောင့်နေရာမပေးခဲ့သလဲဆိုတာကို နားမလည်နိုင်လောက်အောင် ဖြစ်မိခဲ့ရတယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : SportBezzer

အသက်(၂၈)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် ကွင်းလယ်တိုက်စစ်ကစားသမား လင်ဂတ်ဟာ ယူနိုက်တက်အသင်းမှာ ပုံမှန်ခြေစွမ်း မပြသနိုင်သလို ပုံမှန်ပွဲထွက်ခွင့်လည်း မရရှိတာကြောင့် ပြီးခဲ့တဲ့ ဆောင်းစျေးကွက်အတွင်းမှာပဲ ဝက်စ်ဟမ်းအသင်းကို အငှားနဲ့ ပြောင်းရွှေ့ဖြစ်ခဲ့ရပါတယ်။ ဝက်စ်ဟမ်းအသင်းမှာတော့ လင်ဂတ်ဟာ မယုံကြည်နိုင်စရာကောင်းလောက်အောင် ဂိုးတွေသွင်းယူပြီး ခြေစွမ်းပြလာခဲ့လို့ ဝက်စ်ဟမ်းအသင်းလည်း ဥရောပဝင်ခွင့်အတွက် မျှော်လင့်ချက်အားကောင်းလာသလို လင်ဂတ်ဟာလည်း အင်္ဂလန်လက်ရွေးစင်အသင်းမှာပါ ရွေးချယ်ခံလာခဲ့ရပါတယ်။

Photo Credit : Goal

ဒီလို ခြေစွမ်းကောင်းတွေ ပြသလို့နေတဲ့ အသင်းဖော်လင်ဂတ်နဲ့ပတ်သက်ပြီး ကူဖယ်လ်က “ဂျက်ဆီလင်ဂတ်က အင်္ဂလန်ရဲ့ ထိပ်တန်းကလပ်အသင်းကြီးကနေ ကျွန်တော်တို့ဆီကို ရောက်ရှိလာခဲ့တာပါ။ ပြီးတော့ သူက အသင်းအတွက်ကိုလည်း မတူထူးခြားတဲ့ တစ်စုံတစ်ခုကိုပါ သယ်ဆောင်လာခဲ့ပါတယ်။ သူရဲ့ အရည်အသွေးက တကယ့်ကို မယုံကြည်နိုင်စရာပါပဲ။ သူ့လို ကစားသမားမျိုးက ဘာကြောင့် မန်ချက်စတာယူနိုက်တက်အသင်းမှာ ပါဝင်ကစားခွင့် မရခဲ့သလဲ ဘာကြောင့် အဲ့ဒီအသင်းက သူ့ကို အခွင့်အရေးတွေ မပေးခဲ့သလဲဆိုတာကို ကျွန်တော်လုံးဝ နားမလည်နိုင်ဘူး။ သူက တကယ့်ကို မယုံနိုင်စရာကောင်းတဲ့ ကစားသမားမျိုးပါ။ အသင်းတစ်သင်းတည်းမှာ သူ့လို ကစားသမားမျိုးနဲ့ တွဲဖက်ကစားနေရတာကို ကျွန်တော်အလွန် ပျော်ရွှင်မိပါတယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ လင်ဂတ်ဟာ ဝက်စ်ဟမ်းအသင်းအတွက် ပရီးမီးယားလိဂ်ပွဲပေါင်း (၉)ပွဲ ပါဝင်ကစားထားခဲ့ပြီး သွင်းဂိုးလည်း (၈)ဂိုးအထိ သွင်းယူထားနိုင်ခဲ့သလို ဂိုးဖန်တီးမှုကိုလည်း (၄)ကြိမ် လုပ်ဆောင်ထားခဲ့ပါတယ်။ ဒီလို စွမ်းဆောင်ရည်ကောင်းတွေ ပြသလို့နေတဲ့ လင်ဂတ်ကို ဝက်စ်ဟမ်းအသင်းဘက်ကနေ အပြီးသတ် ခေါ်ယူချင်နေပြီး ယူနိုက်တက်ဘက်ကတော့ လင်ဂတ်ကို အပြီးသတ်ခေါ်ယူဖို့အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း(၃၀)ဝန်းကျင် သုံးစွဲရလိမ့်မယ်လို့ ပြောဆိုထားခဲ့ပါတယ်။

The post မန်ယူမှာ လင်ဂတ် ဘာကြောင့်နေရာမရခဲ့သလဲဆိုတာကို နားမလည်နိုင်ဘူးလို့ ကူဖယ်လ်ပြောဆို appeared first on MySport Myanmar.