စပိန်လာလီဂါ အင်အားကြီးအသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဘယ်လ်ဂျီယံ တောင်ပံတိုက်စစ် ကစားသမား ဖြစ်သူ အီဒင် ဟာဇက်ဟာ ရီးရဲလ်မက်ဒရစ် အသင်းမှာ မျှော်မှန်းထားသလို အောင်မြင်မှုတွေ ရရှိဖို့ ခက်ခဲနေတာကြောင့် သူ့ရဲ့ အသင်းဟောင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းထံ ပြန်လာချင်နေကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။ အသက် ၃၀အရွယ် ဘယ်လ်ဂျီယံ လက်ရွေးစင်အသင်းရဲ့ အသင်းခေါင်းဆောင် ဟာဇက်ဟာ ၂၀၁၈ခုနှစ်မှာ ချယ်လ်ဆီးအသင်း ကနေ သူ့ရဲ့ ငယ်ဘဝ အိမ်မက်အသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်းထံ ပြောင်းရွှေ့ကြေး ယူရို ၁၁၅သန်းနဲ့ ပြောင်းရွှေ့လာသူလည်း ဖြစ်ပါတယ်။

Photo Credit: Express

ဟာဇက်ဟာ ချယ်လ်ဆီးအသင်းမှာ ကစားစဉ်က ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး တောင်ပံတိုက်စစ် ကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရတာကြောင့် ရီးရဲလ်မက်ဒရစ် အသင်းဟာ အသင်းကနေ ထွက်ခွာသွားတဲ့ ပေါ်တူဂီ တောင်ပံတိုက်စစ် ကစားသမား ရိုနယ်ဒိုရဲ့ နေရာကို ဖာထေးဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဟာဇက်ကို ခေါ်ယူခဲ့တာ ဖြစ်ပေမယ့် ဟာဇက်ဟာ ထင်ထားသလို ခြေစွမ်းကောင်းတွေ မပြသနိုင်ခဲ့ပဲ ပြင်းထန်တဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဟာဇက်ဟာ ရီးရဲလ်မက်ဒရစ်အသင်း အတွက် ၂ရာသီ ပါဝင် ကစားပြီးချိန်မှာ အသင်းအတွက် စုစုပေါင်း ပြိုင်ပွဲစုံမှာ ၄၃ပွဲသာ ပါဝင် ကစားပေးနိုင်ခဲ့ကာ သွင်းဂိုး ၅ဂိုး သွင်းယူပေးနိုင်ပြီး ဂိုးဖန်တီးမှု ၈ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: Express

ဟာဇက်ရဲ့ စွမ်းဆောင်ရည်ဟာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အဓိက တောင်ပံကစားသမား ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ကိုက်ညီခဲ့ခြင်း မရှိတာကြောင့် လက်ရှိမှာ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ပရိသတ်တွေက ဟာဇက်ကို အသင်းကနေ ထွက်သွားဖို့ တောင်းဆိုနေကြပြီး ဟာဇက်ကိုယ်တိုင်ကလည်း ရီးရဲလ်မက်ဒရစ် အသင်းမှာ ကစားရတာကို မပျော်မရွှင် ဖြစ်နေကြောင်း နီးစပ်သူတွေက ဆိုပါတယ်။ စပိန်အခြေစိုက် ရုပ်မြင်သံကြားတခု ဖြစ်တဲ့ El Chiringuitoရဲ့ ဖော်ပြချက်အရ ဟာဇက်ဟာ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ ရီးရဲလ်မက်ဒရစ်အသင်း ကနေ ထွက်ခွာပြီး အသင်းဟောင်း ချယ်လ်ဆီးအသင်းထံ ပြန်လည် ပြောင်းရွှေ့ချင်နေသလို ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ဥက္ကဌဖြစ်သူ ပီရက်ဇ်ကလည်း ပီအက်စ်ဂျီအသင်းရဲ့ လူငယ် တိုက်စစ်မှူး အမ်ဘာပေကို ခေါ်ယူနိုင်ဖို့ ဟာဇက်ကို ဝယ်ယူချင်တဲ့ အသင်း ရှိပါက ရောင်းချသွားမယ်လို့ သိရပါတယ်။

The post ရီးရဲလ်မက်ဒရစ်မှာ မပျော်တာကြောင့် ချယ်လ်ဆီးအသင်းဆီ ပြန်လာချင်နေတဲ့ ဟာဇက် appeared first on MySport Myanmar.