ရီးရဲလ်မက်ဒရစ်အသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား အီဒင်ဟာဇက်ဟာ ဒဏ်ရာပြသာနာတွေကြောင့် ပွဲထွက်ကစားခွင့်တွေ နည်းပါးလျက်ရှိနေပေမယ့် သူရဲ့ဒဏ်ရာအခြေအနေက အသင်းဟောင်း ချယ်လ်ဆီးအသင်းနဲ့ ပြန်လည်ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်အမီ ကြံခိုင်မှု ပြန်ကောင်းလာခဲ့ပြီး အသင်းအတွက် ပါဝင်ကစားပေးနိုင်ဖွယ် ရှိနေတယ်လို့ အသင်းနည်းပြ ဇီဒန်းက ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Junier Sports

အသက်(၃၀)အရွှယ်ရှိ ဘယ်ဂျီယံလက်ရွေးစင် တိုက်စစ်ကစားသမား ဟာဇက်ဟာ ၂၀၁၉ခုနှစ်ကမှ ချယ်လ်ဆီးကနေ ရီးရဲလ်မက်ဒရစ်အသင်းဆီကို ယူရို(၁၁၅)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ရီးရဲလ်ကို ရောက်ရှိချိန်မှာတော့ ဟာဇက်က ဒဏ်ရာပြသာနာတွေနဲ့ အလူးအလဲ ရင်ဆိုင်နေခဲ့ရကာ ပုံမှန်ခြေစွမ်းပြဖို့ ရုန်းကန်နေခဲ့ရပါတယ်။ ဟာဇက်ဟာ ဒီနှစ်ရာသီမှာလည်း ကြွက်သားဒဏ်ရာ တံကောက်ကြောဒဏ်ရာတွေကြောင့် အသင်းရဲ့ပွဲစဉ်များစွာကို လွဲချော်ခဲ့ရပြီး ပြိုင်ပွဲစုံမှာလည်း ပွဲပေါင်း(၁၄)ပွဲပဲ ပါဝင်ကစားခဲ့သလို သွင်းဂိုးလည်း (၃)ဂိုးသာ သွင်းယူထားနိုင်ခဲ့ပါတယ်။

Photo Credit : Eurosport

ဟာဇက်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ (၃၀)ရက်နေ့က လီဗန်တေးအသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ လာလီဂါပွဲစဉ်အတွင်းမှာပဲ ကြွက်သားဒဏ်ရာ ရရှိခဲ့သလို ခြေချင်းဝတ်ဒဏ်ရာကိုပါ ထပ်မံရရှိသွားခဲ့တာကြောင့် အသင်းရဲ့ ပြိုင်ပွဲစုံပွဲပေါင်းများစွာကို လွဲချော်ခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် ရီးရဲလ်နည်းပြ ဇီဒန်းက သူရဲ့ကစားသမားဟာဇက်အနေနဲ့ ဒဏ်ရာကနေ ပြန်လည်သက်သာလာခဲ့ပြီဖြစ်လို့ ဂီတာဖေးအသင်းနဲ့ ကစားရမယ့် လာလီဂါပွဲစဉ်မှာ ပါဝင်လာတောမှာဖြစ်သလို သူရဲ့အသင်းဟောင်း ချယ်လ်ဆီးအသင်းနဲ့ ပြန်လည်ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ်ပွဲမှာပါ ပါဝင်လာတော့မှာဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။ ရီးရဲလ်အသင်းဟာ လက်ရှိမှာ ဒဏ်ရာနဲ့ ပွဲပယ်ခံနေရတဲ့ ကစားသမားအရေအတွက်က အရမ်းကို များပြားလို့နေပြီး ဒဏ်ရာရနေတဲ့ ကစားသမားတွေထဲမှာ လူးကပ်ဗက်ဇ်ကေး ဆာဂျီယိုရာမို့စ် ရာဖယ်ဗာရန်း ကာရန်ဘန်ဇီမာ ဒန်နီကာဗာဟယ် တိုနီကရူးစ်နဲ့ ဖရက်ဒရစ်ကိုဗယ်ဗာဒီတို့ ပါဝင်လို့နေတာကြောင့် ရှေ့လာမယ့်ပွဲစဉ်တွေမှာ ကစားသမားအင်အား လျော့နည်းစွာနဲ့ ခက်ခက်ခဲခဲ ယှဉ်ပြိုင်ရဖွယ် ရှိနေပါတယ်။ လက်ရှိမှာတော့ ရီးရဲလ်ဟာ ချန်ပီယံလိဂ်ဖလားနဲ့ စပိန်လာလီဂါဆုဖလားတို့ကို ပူးတွဲရယူနိုင်ဖို့ အခြေအနေကောင်းလျက် ရှိနေပါတယ်။

The post အသင်းဟောင်းချယ်လ်ဆီးနဲ့ ရင်ဆိုင်ရမယ့်ပွဲစဉ်မှာ ဟာဇက်ပါဝင်နိုင်ဖွယ်ရှိတယ်လို့ ဇီဒန်းပြောဆို appeared first on MySport Myanmar.