ချယ်လ်ဆီးအသင်းရဲ့ ဂျာမန်ကြယ်ပွင့် တိုက်စစ်ကစားသမားလေးဖြစ်တဲ့ ကိုင်းလ်ဟားဗက်ဇ်က သူတို့ချယ်လ်ဆီးအသင်းအနေနဲ့ ဒီနှစ်ဘောလုံးရာသီအတွင်း ယှဉ်ပြိုင်ခဲ့ရတဲ့ ချန်ပီယံလိဂ်ပြိုင်ဘက်အသင်းတွေထဲကမှ အခက်ခဲဆုံး ပြိုင်ဘက်တွေအဖြစ် ရွေးချယ်ခဲ့ရာ ရှုံးထွက်အဆင့်တွေမှာ ရင်ဆိုင်ခဲ့ရတဲ့ အသက်လက်တီကိုမက်ဒရစ်အသင်းနဲ့ ပေါ်တိုအသင်းတွေက သူတို့တွေအတွက် အခက်ခဲဆုံးသော ပြိုင်ဘက်တွေလို့ သတ်မှတ်သွားခဲ့ပါတယ်။

Photo Credit : Goal

ချယ်လ်ဆီးအသင်းဟာ မကြာခင်မှာပဲ သူတို့ရဲ့ ပရီးမီးယားလိဂ် ပြိုင်ဘက်အသင်းတစ်သင်းဖြစ်တဲ့ မန်စီးတီးအသင်းနဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ဆင်နွဲသွားရတော့မှာဖြစ်ပြီး ဒီလို ဗိုလ်လုပွဲအဆင့်ဆီ တတ်လှမ်းလာခဲ့ရတဲ့ လမ်းကြောင်းတလျှောက်မှာ ရင်ဆိုင်ခဲ့ရတဲ့ ပြိုင်ဘက်တွေထဲကမှ စပိန်ကလပ် အသက်လက်တီကိုအသင်းနဲ့ ပေါ်တူဂီကလပ် ပေါ်တိုအသင်းတွေက သူတို့တွေအတွက် အတော်လေးကို ခက်ခဲစေခဲ့ရတဲ့ ပြိုင်ဘက်တွေဖြစ်ခဲ့ရတယ်လို့ ချယ်လ်ဆီးတိုက်စစ်ကစားသမား ဟားဗက်ဇ်က ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : 24/7 News Around the World

ဟားဗက်ဇ်က “ပေါ်တိုနဲ့ အသက်လက်တီကိုအသင်းတွေက သူတို့နဲ့ ယှဉ်ပြိုင်ကစားဖို့ ခက်ခဲတဲ့ အသင်းတွေ ဖြစ်ခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ အရမ်းကို ကျစ်လစ်လွန်းလှတဲ့ သူတို့ရဲ့ခံစစ်ကစားပုံကြောင့်ပါပဲ။ သူတို့က သူတို့ဘက်တစ်ခြမ်းလုံးကို အခိုင်အမာ လုပ်ဆောင်လို့ထားပြီး ပြိုင်ဘက်အသင်းရဲ့ အမှားတစ်ချက်ကို စောင့်ဆိုင်းနေတာဖြစ်ပါတယ်။ ဒါကြောင့် ဒီအသင်း(၂)သင်းက ကျွန်တော်တို့အတွက်တော့ အခက်ခဲဆုံးသော ပြိုင်ဘက်တွေပါ။ ကျွန်တော့်အတွက် အနှစ်သက်ဆုံးသော ပွဲစဉ်ကိုပြောရမယ်ဆိုရင် ရီးယဲလ်မက်ဒရစ်အသင်းကို အနိုင်ရခဲ့ပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲကြီးကို တတ်လှမ်းသွားနိုင်ခဲ့ရတဲ့ ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲပါပဲ။ ဒီပွဲက အရမ်းကို ထူးခြားကောင်းမွန်လှပါတယ်။ ဒီပွဲလိုပဲ ကောင်းမွန်ခဲ့တဲ့ ပွဲစဉ်တွေတချို့လည်း ရှိခဲ့ပါသေးတယ်။ ဒါပေမယ့် ရီးယဲလ်ကို အိမ်ကွင်းမှာ ရင်ဆိုင်ခဲ့ရတဲ့ပွဲကသာ ကျွန်တော်အတွက် အကောင်းဆုံးပါပဲ” လို့ ထုတ်ဖော်ပြောဆိုလို့သွားခဲ့ပါတယ်။ ဟားဗက်ဇ်ဟာ ဒီနှစ်ဘောလုံးရာသီကမှ လေဗာကူဆင်အသင်းကနေ ချယ်လ်ဆီးဆီကို ပြောင်းရွှေ့ကြေး ပေါင်(၇၂)သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့ ပထမဆုံး ပွဲဦးထွက်ရတဲ့ ဘောလုံးရာသီမှာ ရုန်းကန်မှုလေးတွေ ရှိခဲ့ရသလို အသင်းအတွက်ကိုလည်း ပြိုင်ပွဲစုံမှာ စုစုပေါင်းသွင်းဂိုး (၈)ဂိုး သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု (၉)ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပါတယ်။

The post သူတို့အသင်းအတွက် အခက်ခဲဆုံးသော ချန်ပီယံလိဂ်ပြိုင်ဘက်တွေကို ရွေးချယ်သွားခဲ့တဲ့ ဟားဗက်ဇ် appeared first on MySport Myanmar.