ကစားသမားဘဝအတွင်း မကြာခဏ ရရှိတတ်လေ့ရှိတဲ့ ဒဏ်ရာတစ်ခုဖြစ်တဲ့ ခြေချင်းဝတ်ဒဏ်ရာကို ရရှိထားလို့ အသင်းအတွက် အလွန်အရေးကြီးတဲ့ ခါရာဘောင်းလိဂ်ဖလား ဗိုလ်လုပွဲကို လွဲချော်ရနိုင်ခြေ ရှိနေတဲ့ စပါးအသင်းတိုက်စစ်မှူး ဟာရီကိန်းရဲ့ ဒဏ်ရာအခြေအနေဟာ ထင်ထားတာထက်ကို မြန်မြန်ဆန်ဆန် သက်သာလာနေပြီဖြစ်တာကြောင့် ဒီပွဲစဉ်မှာ စပါးအသင်းအတွက် ပါဝင်ကစားပေးနိုင်ဖွယ် ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : beIN SPORTS

အသက်(၂၇)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် တိုက်စစ်မှူးဟာရီကိန်းဟာ အဲဗာတန်အသင်းနဲ့ စပါးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အသင်းအတွက် သွင်းဂိုး(၂)ဂိုး သွင်းယူပေးနိုင်ခဲ့ပေမယ့် အဲ့ဒီပွဲစဉ်အတွင်းမှာ ခြေချင်းဝတ်ဒဏ်ရာကို ရရှိသွားခဲ့တာကြောင့် ဆောက်သမ်တန်အသင်းနဲ့ ပွဲစဉ်ကို လွဲချော်ထားခဲ့ရသလို မန်စီးတီးအသင်းနဲ့ ထိပ်တိုက်ရင်ဆိုင်ရမယ့် ခါရာဘောင်းလိဂ်ဖလား ဗိုလ်လုပွဲစဉ်ကိုပါ လွဲချော်ရနိုင်ခြေ ရှိနေတာဖြစ်ပါတယ်။ ဒါပေမယ့် ဟာရီကိန်းရဲ့ ဒဏ်ရာအခြေအနေက ပြန်လည်ကောင်းမွန်လာခဲ့တာကြောင့် ဖိုင်နယ်ပွဲစဉ်ကို ပါဝင်ကစားဖွယ် ရှိလာခဲ့တာဖြစ်ပါတယ်။

Photo Credit : Sport Mole

ဟာရီကိန်းဟာ ဒီရာသီမှာ စပါးအသင်းအတွက် သွင်းဂိုးတွေများစွာ သွင်းယူထားခဲ့ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်းမှာလည်း သွင်းဂိုး(၂၁)အထိ သွင်းယူထားခဲ့တာကြောင့် ဒီရာသီရဲ့ ဂိုးသွင်းဘုရင်ဆုကို ပိုင်ဆိုင်ဖို့ အခြေအနေကောင်းနေတာဖြစ်ပါတယ်။ ဒီရာသီ ပြိုင်ပွဲစုံမှာ စပါးအသင်းအတွက် သွင်းဂိုးပေါင်း (၃၁)ဂိုးအထိကို သွင်းယူထားတဲ့ ဟာရီကိန်းသာ ခါရာဘောင်း ဗိုလ်လုပွဲမှာ ပါဝင်လာနိုင်မယ်ဆိုရင် စပါးအတွက် အတော်လေးကို အကျိုးရှိမှာဖြစ်သလို သူရဲ့ကစားသမားဘဝအတွင်း ပထမဆုံးသော ဆုဖလားကို ပိုင်ဆိုင်ရယူနိုင်ဖို့ အခွင့်အရေးကောင်းမျိုးကိုလည်း ရရှိနိုင်မှာဖြစ်ပါတယ်။ ဟာရီကိန်းရဲ့ စပါးအသင်းဟာလည်း လွန်ခဲ့တဲ့ ၂၀၀၈ခုနှစ်ကတည်းက လိဂ်ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့ပြီးနောက် နှစ်ပေါင်း(၁၃)နှစ်ကျော် ကြာမြင့်တဲ့အထိ ဆုဖလားတွေနဲ့ အလှမ်းဝေးခဲ့ရတာဖြစ်လတာကြောင့် ဒီတစ်ချိန် လိဂ်ဖလားဖိုင်နယ်ကို ပြန်လည်တတ်လှမ်းလာရချိန်မှာ ဆုဖလားကို သိမ်းပိုက်ကာ ဆုဖလားလက်မဲ့ ဖြစ်နေခြင်းကို အဆုံးသတ်နိုင်ဖို့ ကြိုးစားသွားမှာဖြစ်ပါတယ်။ ဒီပွဲစဉ်ကိုတော့ မနက်ဖြန် ည(၇)နာရီခွဲအချိန် ဝင်ဘလေကွင်းအတွင်းမှာ ကျင်းပသွားမှာဖြစ်ပြီး အသင်း(၂)သင်းလုံးအတွက် ဒီရာသီရဲ့ ပထမဆုံး ဆုဖလားဖြစ်လာမှာမို့ အကြိတ်အနယ် ယှဉ်ပြိုင်ကြမှာ သေချာနေပါတယ်။

The post ခါရာဘောင်း လိဂ်ဖလား ဗိုလ်လုပွဲကို ပါဝင်ကစားရဖို့ အခြေအနေကောင်းလာခဲ့တဲ့ ဟာရီကိန်း appeared first on MySport Myanmar.