မနေ့ညက စပိန်နိုင်ငံမှာ ကျင်းပသွားခဲ့တဲ့ ဆီဗီလာအသင်းနဲ့ ဒေါ့မွန်အသင်းတို့ရဲ့ ဥရောပချန်ပီယံလိဂ် (၁၆)သင်းအဆင့် ရှုံးထွက်ပထမအကျော့ပွဲစဉ်အတွင်းမှာ ဧည့်သည်ဒေါ့မွန်အသင်းက အသင်းရဲ့နော်ဝေကြယ်ပွင့် တိုက်စစ်မှူးလေး အာလင်းဟာလန်းရဲ့ သွင်းဂိုး(၂)ဂိုးနဲ့အတူ (၂)ဂိုး(၃)ဂိုးနဲ့ အနိုင်ရခဲ့ပြီး နောက်တစ်ဆင့်ကို တတ်လှမ်းဖို့အတွက် အခြေအနေကောင်းမွန်သွားခဲ့သလို ဟာလန်းကလည်း ချန်ပီယံလိဂ်ပြိုင်ပွဲအတွင်း သွင်းဂိုး(၁၇)ဂိုးကို အမြန်ဆုံးသွင်းယူနိုင်တဲ့ ကစားသမားတစ်ယောက်အဖြစ် မှတ်တမ်းဝင်သွားခဲ့ရပါတယ်။

Photo Credit : Goal

အသက်(၂၀)အရွှယ်ရှိ နော်ဝေလက်ရွေးစင် တိုက်စစ်ကစားသမား ဟာလန်းဟာ မနေ့ညက ချန်ပီယံလိဂ်ပွဲစဉ်မှာ သူရဲ့ဒေါ့မွန်အသင်းအတွက် သွင်းဂိုးတွေကို သွင်းယူပေးနိုင်ခဲ့ပြီး သူရဲ့အဖွင့်ဂိုးကတော့ သူရဲ့ စုစုပေါင်း ချန်ပီယံလိဂ် (၁၇)ဂိုးမြောက် သွင်းဂိုးဖြစ်လာခဲ့ရသလို အဲ့ဒီ(၁၇)ဂိုးကိုလည်း သူပါဝင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်ပေါင်း (၁၃)ပွဲအတွင်းမှာ သွင်းယူခဲ့တာဖြစ်လို့ ချန်ပီယံလိဂ် ပွဲအနည်းငယ်အတွင်း သွင်းဂိုး(၁၇)ဂိုးကို အလျင်မြန်ဆုံး သွင်းယူနိုင်ခဲ့တဲ့ ကစားသမားအဖြစ်နဲ့ စံချိန်သစ်တစ်ခုကို ပိုင်ဆိုင်သွားခဲ့ရပါတယ်။

Photo Credit : Sky Sports

ဟာလန်းဟာ ယခင်ကတည်းက ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ သွင်းဂိုး(၅)ဂိုး (၁၀)ဂိုးတွေကိုပါ အလျင်မြန်ဆုံး သွင်းယူနိုင်ခဲ့အဖြစ်နဲ့ စံချိန်မှတ်တမ်းတွေ ပိုင်ဆိုင်ခဲ့တာဖြစ်ပြီး ချန်ပီယံလိဂ် ပွဲ(၇)ပွဲအတွင်းမှာပဲ သူရဲ့ချန်ပီယံလိဂ်သွင်းဂိုးက (၁၀)ဂိုးအထိ ရှိလာခဲ့ရတဲ့အတွက် ဘိုင်ယန်မြူးနစ် ကစားသမားဟောင်းကြီး ရွိုင်မက်ကိုင်းရဲ့ စံချိန်ကိုပါ ရိုက်ချိုးနိုင်ခဲ့ပါသေးတယ်။ ဒါ့အပြင် ဟာလန်းဟာ ဒီနှစ်ဘောလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲအတွင်း သူရဲ့သွင်းဂိုးက (၈)ဂိုးအထိကို ရှိလာခဲ့ရလို့ ဒီရာသီ ချန်ပီယံလိဂ် ဂိုးအများဆုံးသွင်းယူထားသူစာရင်းရဲ့ ထိပ်ဆုံးနေရာမှာပါ ရပ်တည်လာနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂ဝခုနှစ် ဇန်နဝါရီလကမှ ဒေါ့မွန်ကို ရက်ဘူးဆာလ်ဇ်ဘာ့ဂ်အသင်းကနေ ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ ဟာလန်းဟာ ဒေါ့မွန်အသင်းအတွက် ပြိုင်ပွဲစုံပွဲပေါင်း(၄၂)ပွဲအထိ ပါဝင်ကစားထားခဲ့ပြီးနောက် စုစုပေါင်း သွင်းဂိုး(၄၀)အထိကို သွင်းယူပေးထားနိုင်ခဲ့တာကြောင့် ဒေါ့မွန်အတွက် အကျိုးအရှိဆုံးသော ခေါ်ယူမှုတစ်ခု ဖြစ်စေခဲ့ရသလို ဥရောပရဲ့ ထိပ်တန်းကလပ်အသင်းပေါင်းများစွာကလည်း ဒီလိုစွမ်းဆောင်ရည် ပြည့်ဝလို့နေတဲ့ ဟာလန်းကို အရခေါ်ယူချင်နေကြပါတယ်။

The post ချန်ပီယံလိဂ်ပြိုင်ပွဲမှာ သွင်းဂိုးတွေကို အလျင်မြန်ဆုံး သွင်းယူနိုင်တဲ့သူ ဖြစ်လာခဲ့တဲ့ ဟာလန်း appeared first on MySport Myanmar.