ဒေါ့မွန်အသင်းရဲ့ နှော်ဝေကြယ်ပွင့် တိုက်စစ်ကစားသမား အာလင်းဟာလန်းဟာ မနေ့ညက ကိုလုံးအသင်းနဲ့ ဒေါ့မွန်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဂျာမန်ဘွန်ဒစ်လီဂါပွဲစဉ်အတွင်းမှာ ပွဲထွက်ပါဝင်ကစားခဲ့ပြီး အသင်းအတွက် သွင်းဂိုး(၂)ဂိုး သွင်းယူပေးနိုင်ခဲ့သလို ဒေ့ါမွန်အသင်းဟာလည်း ဟာလန်းရဲ့နောက်ကျသွင်းဂိုးကြောင့် ရှုံးပွဲတွေ့ရမယ့် အခြေအနေကနေ လွတ်မြောက်ခဲ့ပြီး ကိုလုံးအသင်းနဲ့အတူ သရေတစ်မှတ်စီ ခွဲယူခဲ့ရပါတယ်။

Photo Credit : Twitter

အသက်(၂၀)အရွှယ်ရှိ နော်ဝေလက်ရွေးစင် တိုက်စစ်ကစားသမား အာလင်းဟာလန်းဟာ ဒီနှစ်ဘောလုံးရာသီအတွင်းမှာ ဒေါ့မွန်အသင်းအတွက် သွင်းဂိုးအများဆုံး သွင်းယူထားခဲ့တဲ့ ကစားသမားဖြစ်သလို ဘွန်ဒစ်လီဂါပြိုင်ပွဲမှာလည်း လိဂ်သွင်းဂိုး(၂၁)ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။ ဟာလန်းက အသင်းအတွက် သွင်းဂိုးတွေများစွာကို တောက်လျှောက်သွင်းယူခဲ့ပေမယ့် ဟာလန်းရဲ့ဒေါ့မွန်အသင်းက ရလဒ်တွေ ကောင်းမွန်ခြင်းမရှိပဲ လက်ရှိ ဘွန်ဒစ်လီဂါ အမှတ်ပေးဇယားမှာပါ အဆင့်(၅)နေရာအထိ ရောက်ရှိနေတာကြောင့် လာမယ့်ရာသီအတွင်း ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ပါ လွဲချော်ရဖွယ် ရှိနေပါတယ်။

Photo Credit : Goal

မနေ့ညက ပွဲစဉ်မှာလည်း ဟာလန်းက ဒေါ့မွန်အသင်းအတွက် အဖွင့်ဂိုးကို (၃)မိနစ်အတွင်းမှာပဲ သွင်းယူနိုင်ခဲ့ပေမယ့် အိမ်ရှင်ကိုလုံးဘက်ကနေ ပင်နယ်တီသွင်းဂိုးနဲ့ ချေပနိုင်ခဲ့တဲ့အပြင် ယာကော့ခ်စ်ရဲ့ သွင်းဂိုးနဲ့ပါ ပွဲကိုပြန်လည်ဦးဆောင်နိုင်ခဲ့ပါတယ်။ ပွဲကိုစောစောစီးစီး ဦးဆောင်ထားနိုင်ပြီးမှ သွင်းဂိုးတွေ ပြန်လည်ခွင့်ပြုခဲ့ရပြီး (၂)ဂိုး(၁)ဂိုးနဲ့ အရေးနိမ့်နေချိန် ပွဲပြီးဆုံးခါနီးလေးမှာ ဟာလန်းကပဲ ချေပဂိုးတစ်ဂိုးကို ပြန်လည်သွင်းယူခဲ့ပြီး အသင်းကို ကယ်တင်သွားခဲ့ပါတယ်။ ပွဲပြီးဆုံးချိန်မှာတော့ ဟာလန်းဟာ အသင်းဖော်တွေနဲ့ ပြိုင်ဘက်အသင်းသားတွေကို နှုတ်ဆက်ခြင်းမရှိပဲ သူရဲ့ဒေါ့မွန်အကျီကို ပြိုင်ဘက်အသင်းသားတစ်ဦးဆီ ပစ်ပေးခဲ့ပြီး ကွင်းအတွင်းကနေ စိတ်ပျက်လက်ပျက်ပုံစံနဲ့ အမြန်အဆန် ထွက်ခွာသွားခဲ့ပါတယ်။ ဟာလန်းရဲ့ဒီအပြုအမှုကို ဒေါ့မွန်ပရိသတ်တွေက စိုးရိမ်နေကြပြီး အသင်းအနေနဲ့ ရာသီအကုန်မှာ Top 4 အတွင်း မဝင်နိုင်ခဲ့လို့ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့မယ်ဆိုရင် သူတို့ရဲ့ အချစ်တော်ကစားသမား ဟာလန်းအနေနဲ့ အသင်းကနေ ထွက်ခွာသွားနိုင်တာကြောင့် ဒီအခြေအနေအတွက် စိတ်ပူပင်လျက်ရှိနေပါတယ်။ ဟာလန်းကို လက်ရှိမှာတော့ ရီးရဲလ်မက်ဒရစ် ဘာစီလိုနာ မန်စီးတီးနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့က ခေါ်ယူဖို့အတွက် အပြိုင်စိတ်ဝင်စားလျက် ရှိနေပါတယ်။

The post သွင်းဂိုး(၂)ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် အသင်းနိုင်ပွဲပျောက်ခဲ့ရတဲ့အပေါ် စိတ်ပျက်လျက်ရှိနေတဲ့ ဟာလန်း appeared first on MySport Myanmar.