ပရီးမီးယားလိဂ် အင်အားကြီးအသင်း ဖြစ်တဲ့ မန်စီးတီးအသင်းရဲ့ နည်းပြဖြစ်သူ ဂွာဒီယိုလာကတော့ ယနေ့ညမှာ ကစားမယ့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ဟာ ဖိုင်နယ်ထက် ပိုမိုပြီး ခက်ခဲတဲ့ ပွဲစဉ်တခု ဖြစ်ကြောင်း ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။ ယနေ့ည ၁နာရီခွဲ အချိန်မှာတော့ မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့အဖြစ် ပြင်သစ် အင်အားကြီးအသင်း ဖြစ်တဲ့ ပီအက်စ်ဂျီအသင်းကို အိမ်ကွင်း အီတီဟတ်မှာ ဧည့်ခံ ကစားရမှာ ဖြစ်ပြီး အဆိုပါ ပွဲစဉ်ကိုသာ အနိုင်ရခဲ့ပါက မန်စီးတီးအသင်းဟာ အသင်းရဲ့ သမိုင်းကြောင်းတစ်လျှောက် ပထမဦးဆုံးအကြိမ် အဖြစ် ချန်ပီယံလိဂ် ဖိုင်နယ်ကို တက်လှမ်းနိုင်မှာပဲ ဖြစ်ပါတယ်။

Photo Credit:  Standard

ပီအက်စ်ဂျီအသင်းရဲ့ အိမ်ကွင်းမှာ ကစားခဲ့တဲ့ ပထမအကျော့ ပွဲစဉ်မှာ မန်စီးတီးအသင်းဟာ အသင်းရဲ့ ကွင်းလယ်လူတွေ ဖြစ်တဲ့ ဒီဘရိုင်း ၊ မာရက်ဇ်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ၁-၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့တာကြောင့် ယနေ့ညမှာ ကစားမယ့် ဒုတိယအကျော့ပွဲစဉ်မှာ သရေရလဒ် ရရှိရုံနဲ့ ဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်မှာပဲ ဖြစ်ပါတယ်။ တစ်ဖက်မှာတော့ ပီအက်စ်ဂျီအသင်းဟာလည်း နေမာ ၊ အမ်ဘာပေတို့လို ပွဲအဖြေကို တမုဟုတ်ချင်း ပြောင်းလဲနိုင်တဲ့ ကစားသမားတွေ ရှိတာကြောင့် မန်စီးတီးအသင်း အနေနဲ့ လိုချင်တဲ့ ရလဒ်တွေ ရရှိအောင် အစွမ်းကုန် ကြိုးစားရမှာပါ။ မန်စီးတီးအသင်းရဲ့ နည်းပြဖြစ်သူ ဂွာဒီယိုလာကတော့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်တွေဟာ ဖိုင်နယ်နဲ့ ကွဲပြားပြီး ပိုမို ခက်ခဲတတ်ကြောင်း ဆိုသွားပါတယ်။

Photo Credit:  Standard

ဂွာဒီယိုလာက – “ကျွန်တော့်ရဲ့ အတွေ့အကြုံအရ ဆီမီးဖိုင်နယ်တွေက အမြဲတမ်း ခက်ခဲတတ်ပါတယ်။ ခင်ဗျားက ပထမအကျော့မှာ ရလဒ်ကောင်းရပြီး ဒုတိယအကျော့ကို ကစားရတဲ့ အခါမှာ ခင်ဗျားရဲ့ စိတ်ထဲမှာ ဖိုင်နယ် ၊ ဖိုင်နယ်ဆိုပြီး အဆင့်ကျော် တွေးမိတတ်ကြပါတယ်။ တစ်ခါတလေဆို ခင်ဗျားက ဘာလုပ်ရမလဲ ဆိုတာကိုပါ မေ့သွားတတ်ပါတယ်။ ကျွန်တော့်ရဲ့ အတွေ့အကြုံအရ ဆီမီးဖိုင်နယ်ရဲ့ ဒုတိယအကျော့တွေဟာ အရမ်းကို ခက်ခဲပါတယ်။ ဖိုင်နယ်ကတော့ မတူညီပဲ ကွဲပြားပါတယ်။ ကျွန်တော်က ဖိုင်နယ်ဟာ မခက်ခဲဘူးလို့ မပြောချင်ပါဘူး။ ဒါပေမယ့် ဆီမီးဖိုင်နယ် ဒုတိယအကျော့နဲ့ ဖိုင်နယ်ဟာ ကွဲပြားပါတယ်” လို့ ပြောကြား သွားခဲ့တာပါ။

The post ဆီမီးဖိုင်နယ် ဒုတိယအကျော့ဟာ ဖိုင်နယ်ထက် ပိုမို ခက်ခဲကြောင်း ဆိုလာတဲ့ ဂွာဒီယိုလာ appeared first on MySport Myanmar.