စပိန်လာလီဂါ အင်အားကြီးအသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းဟာ အသင်းရဲ့ ပြင်သစ် လက်ရွေးစင် တိုက်စစ် ကစားသမား ဂရစ်ဇ်မန်းကို သူ့ရဲ့ အသင်းဟောင်း ဖြစ်တဲ့ အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ လူငယ် ကွင်းလယ်တိုက်စစ် ကစားသမား ဖြစ်တဲ့ ဂျာအိုဖီးလစ်နဲ့ အလဲအထပ် လုပ်ဖို့ စဉ်းစားနေကြောင်း ကတ်တလန်တာ အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။ အသက် ၃၀နှစ် အရွယ် ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူး ဂရစ်ဇ်မန်းဟာ ၂၀၁၉ခုနှစ်မှာ အက်သလက်တီကို မက်ဒရစ်အသင်း ကနေ ဘာစီလိုနာ အသင်းထံ ပြောင်းရွှေ့ကြေး ယူရို ၁၂၀သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး အသင်းအတွက် ၂ရာသီ ကစားပြီးချိန်မှာ သွင်းဂိုး ၃၄ဂိုး သွင်းယူထားနိုင်ပေမယ့် အဆိုပါ စွမ်းဆောင်ရည်ဟာ ဘာစီလိုနာအသင်း မျှော်လင့်ထားတဲ့ စွမ်းဆောင်ရည် မဟုတ်ခဲ့ပါဘူး။

Photo Credit: Marca

ဂရစ်ဇ်မန်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကထက် ယခုနှစ် ဘောလုံးရာသီမှာ ပိုမို ခြေစွမ်းပြထားနိုင်ပေမယ့် ဘာစီလိုနာအသင်းရဲ့ နည်းပြဖြစ်သူ ကိုးမန်းဟာ သူ့ရဲ့ တပည့်ဟောင်း ဒီပိုင်းကို ဘာစီလိုနာအသင်းထံ ခေါ်ယူဖို့ လုပ်ဆောင်နေတာကြောင့် ဂရစ်ဇ်မန်းရဲ့ အနာဂတ်ဟာ မရေမရာ ဖြစ်နေပါတယ်။ စပိန်နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Dairo ASရဲ့ ဖော်ပြချက်အရ ဂရစ်ဇ်မန်းနဲ့ ဖီးလစ်တို့ နှစ်ဦးစလုံးရဲ့ အေးဂျင့်ဖြစ်တဲ့ စူပါအေးဂျင့် မန်ဒက်ကြောင့် ဂရစ်ဇ်မန်းနဲ့ ဖီးလစ်တို့ရဲ့ အလဲအထပ် ကိစ္စဟာ ထင်ထားတာထက် ပိုမို လွယ်ကူနေပြီး မန်ဒက်ဟာ ဘာစီလိုနာအသင်းရဲ့ ဥက္ကဌသစ် ဖြစ်သူ လာပေါ်တာနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိနေတာကြောင့် အဆိုပါ အလဲအထပ်ဟာ အလျင်အမြန် ဖြစ်ပေါ်လာနိုင်ကြောင်း သိရပါတယ်။

Photo Credit: Marca

အသက် ၂၁နှစ် အရွယ်သာ ရှိသေးတဲ့ ပေါ်တူဂီ လက်ရွေးစင် ကွင်းလယ်တိုက်စစ် ကစားသမား ဖီးလစ်ဟာ အက်သလက်တီကို မက်ဒရစ်အသင်းထံ ဂရစ်ဇ်မန်းရဲ့ နေရာကို ဆက်ခံသူအဖြစ် ရောက်လာပေမယ့် ဆီမြွန်နီရဲ့ ကစားကွက်နဲ့ အံဝင်ခြင်း မရှိပဲ ယခုနှစ် ဘောလုံးရာသီမှာလည်း ပုံမှန်ပွဲထွက်ခွင့် ရဖို့ ရုန်းကန်နေရသူပါ။ ဒါကြောင့်ပဲ မန်ဒက်ဟာ သူ့ရဲ့ ကစားသမားနှစ်ဦး ဖြစ်တဲ့ ဂရစ်ဇ်မန်းနဲ့ ဖီးလစ်တို့ကို အသင်းပြောင်းပေးဖို့ စီစဉ်နေတာ ဖြစ်ပြီး အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ နည်းပြဖြစ်သူ ဆီမြွန်နီဟာလည်း သူ့ရဲ့ တပည့်ဟောင်း ဂရစ်ဇ်မန်းကို အသင်းထံ ပြန်လည် ခေါ်ယူလိုကြောင်း ပေါ်တူဂီအခြေစိုက် သတင်းဌာနတွေက ဖော်ပြထားကြပါတယ်။

The post ဂျာအိုဖီးလစ်နဲ့ ဂရစ်ဇ်မန်းတို့ကို အလဲအထပ် ပြုလုပ်ဖို့ စဉ်းစားနေတဲ့ ဘာစီလိုနာ appeared first on MySport Myanmar.