ဘာစီလိုနာအသင်းရဲ့ တိုက်စစ်ကစားသမား အန်ထရန်ဂရီးဇ်မန်းက သူရဲ့ပြင်သစ်လက်ရွေးစင် အသင်းဖော်ဖြစ်တဲ့ ပီအက်စ်ဂျီအသင်းရဲ့ တိုက်စစ်ကစားသမားလေး ကီလီယန်အမ်ဘာပေဟာ တကယ့်ကို အရည်အသွေးကောင်းမွန်လှတဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး အနာဂတ်မှာလည်း အတော်လေး ထွန်းတောက်လာမှာ သေချာနေသလို လီယွန်နယ်မက်ဆီ ခရစ္စတီယာနိုရော်နယ်ဒိုတို့လို အဆင့်မျိုးအထိကိုတောင် ရောက်ရှိလာနိုင်လိမ့်မယ်လို့ မှတ်ချက်ပြုပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Marca

အသက်(၂၂)နှစ်အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် တိုက်စစ်ကစားသမား ဘာပေဟာ မနေ့ညက နူးကမ့်ကွင်းအတွင်းမှာ ကျင်းပသွားခဲ့တဲ့ ဘာစီလိုနအသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့ရဲ့ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်ပွဲစဉ်အတွင်းမှာ ပီအက်စ်ဂျီအတွက် ဟက်ထရစ်သွင်းယူပြီး ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။ ဘာပေရဲ့ဟက်ထရစ်အပါအဝင် မနေ့ညက စပိန်မြေမှာ (၁)ဂိုး(၄)ဂိုးနဲ့ အနိုင်ယူလိုက်တာကြောင့် ဘာပေရဲ့ပီအက်စ်ဂျီအသင်းဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်ကို တတ်လှမ်းနိုင်ဖို့ အခြေအနေ အလွန်ကောင်းသွားခဲ့ပြီလည်းဖြစ်ပါတယ်။

Photo Credit : talkSPORT

ဒီလို ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တဲ့ ဘာပေနဲ့ပတ်သက်ပြီး ဘာစီလိုနာတိုက်စစ်ကစားသမား ဂရီးဇ်မန်းက “ကျွန်တော် သူ့အတွက် ပျော်ရွှင်မိပါတယ်။ သူက ဝေဖန်ပြစ်တင်မှုတွေကို အတော်လေး ရရှိထားခဲ့တဲ့သူပါ။ ဒါပေမယ့် ဒီလိုဝေဖန်မှုတွေဆိုတာက ကစားသမားတစ်ယောက် ခြေစွမ်းပြဖို့ ရုန်းကန်နေရချိန်မျိုးမှာ ကြုံတွေ့ရတတ်ပါတယ်။ သူနည်းနည်းလောက်ပဲ ခြေစွမ်းပြနိုင်မယ် ကစားနိုင်မယ်ဆိုရင် သူ့ကို ဝေဖန်ကြမယ်။ ဒါမျိုးလုပ်တယ်ဆိုတာက အတော်လေးကို လွယ်ကူပါတယ်။ ဒါပေမယ့် လီယိုနဲ့ ခရစ္စတီယာနိုတို့လို အဆင့်မျိုးကို ရောက်လာနိုင်မယ့် ကြယ်ပွင့်ကစားသမားမျိုးကို ပီအက်စ်ဂျီအသင်းဆီမှာ ပိုင်ဆိုင်ထားတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီကစားသမားကလည်း ညကပွဲမှာ အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့ပါတယ်” လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဘာပေဟာ ဒီနှစ်ဘောလုံးရာသီမှာ ပီအက်စ်ဂျီအသင်းအတွက် ချန်ပီယံလိဂ်သွင်းဂိုး (၅)ဂိုးအထိကို သွင်းယူထားခဲ့သလို ပြင်သစ်လီဂူးမှာလည်း (၂၁)ပွဲအတွင်း သွင်းဂိုး(၁၆)ဂိုးအထိ သွင်းယူထားခဲ့ကာ ဂိုးဖန်တီးမှုကိုလည်း (၆)ကြိမ်အထိ လုပ်ဆောင်ထားနိုင်ခဲ့ပါတယ်။ ဒီလို စွမ်းဆောင်ရည်ကောင်းမွန်လှတဲ့ ဘာပေကို ပီအက်စ်ဂျီအသင်းဘက်ကနေ နှစ်ရှည်စာချုပ်သစ် ချုပ်ဆိုသွားဖို့ကိုလည်း ဆက်လက်ကြိုးပမ်းလျက် ရှိနေပါတယ်။

The post ဘာပေက မက်ဆီ ရော်နယ်ဒိုတို့လို အဆင့်မျိုးကို ရောက်ရှိလာမယ့်သူလို့ ဂရီးဇ်မန်းသုံးသပ်ပြောဆို appeared first on MySport Myanmar.