အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ပိုင်ရှင်တေွ ဖြစ်ကြတဲ့ ဂလေဇာမိသားစုဟာ လတ်တလောမှာ ဘောလုံးလောက အတွင်း ဆိုးဆိုးဝါးဝါး ဝေဖန်မှုတွေ ခံနေရတဲ့ စူပါလိဂ်ပြိုင်ပွဲကို ကျင်းပဖို့ ကြိုးစားမိရာကနေ မအောင်မြင်ခဲ့တာကြောင့် လက်ရှိမှာ အသင်းကို ရောင်းချဖို့အထိ စဉ်းစားနေကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြနေပါတယ်။ မန်ချက်စတာ ယူနိုက်တက်အသင်း အပါအဝင် အင်္ဂလန်ရဲ့ ထိပ်တန်းအသင်းတွေ ဖြစ်တဲ့ မန်စီးတီးအသင်း ၊ စပါးအသင်း ၊ အာဆင်နယ်အသင်း ၊ ချယ်လ်ဆီးအသင်း ၊ လီဗာပူးအသင်းတို့ဟာ စီးရီးအေအသင်းတွေ ဖြစ်တဲ့ ဂျူဗင်တပ်အသင်း ၊ အင်တာမီလန်အသင်း ၊ အေစီမီလန်အသင်း ၊ လာလီဂါအသင်းတွေ ဖြစ်ကြတဲ့ ရီးရဲလ်မက်ဒရစ်အသင်း ၊ ဘာစီလိုနာအသင်း ၊ အက်သလက်တီကိုအသင်းတို့နဲ့ စူပါလိဂ်ပြိုင်ပွဲကို ကျင်းပဖို့ ကြိုးစားခဲ့ကြတာပါ။

Photo Credit: Standard

အဆိုပါ စူပါလိဂ်ပြိုင်ပွဲကို ကျင်းပဖို့ အတွက် ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဥက္ကဌဖြစ်သူ ပီရက်ဇ် ၊ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ စီအီးအိုလည်းဖြစ် ဒုတိယ ဥက္ကဌလည်း ဖြစ်တဲ့ အက်ဝုဒ်ဝက်တို့က အဓိက ကြိုးကိုင်ခဲ့ကြတာ ဖြစ်ပြီး ကနဦးမှာ စူပါလိဂ်ပြိုင်ပွဲကို ဘောလုံးပရိသတ်တွေ သောင်းသောင်းဖျဖျ ကြိုဆိုကြလိမ့်မယ်လို့ ထင်ခဲ့ကြပေမယ့် စူပါလိဂ်ပြိုင်ပွဲ ကျင်းပတော့မှာ ဖြစ်ကြောင်း စတင် ကြေညာချိန်မှာ ဘောလုံးပရိသတ် အများစုဟာ စူပါလိဂ်ပြိုင်ပွဲကို ဆန့်ကျင် ကန့်ကွက်ခဲ့ကြပါတယ်။ အထူးသဖြင့် အင်္ဂလန် အခြေစိုက် ထိပ်တန်းအသင်း ၆သင်းရဲ့ ပရိသတ်တွေဟာ အသင်းရဲ့ ကွင်းတွေရှေ့အထိ လူစုလူဝေးနဲ့ လာရောက်ကာ ဆန့်ကျင် ကန့်ကွက်ခဲ့ကြတာကြောင့် မန်ချက်စတာ ယူနိုက်တက်အသင်း အပါအဝင် အခြားအသင်း ၅သင်းဟာ ယမန်နေ့ညမှာ စူပါလိဂ်ပြိုင်ပွဲကနေ နုတ်ထွက်ခဲ့ကြပါတယ်။

Photo Credit: Standard

ဒါ့အပြင် မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဒုတိယ ဥက္ကဌဖြစ်သူ အက်ဝုဒ်ဝက်ကလည်း သူဟာ ယခုနှစ်ကုန်မှာ မန်ချက်စတာ ယူနိုက်တက်အသင်း ကနေ ထွက်ခွာတော့မှာ ဖြစ်ကြောင်း တရားဝင် ကြေညာသွားခဲ့ပါတယ်။ အက်ဝုဒ်ဝက်ဟာ မန်ချက်စတာ ယူနိုက်တက်အသင်းကို ပိုင်ဆိုင်တဲ့ ဂလေဇာမိသားစုရဲ့ လူယုံတော်တစ်ဦး ဖြစ်တာကြောင့် အက်ဝုဒ်ဝက်တစ်ယောက် အသင်းကို စွန့်ခွာတာဟာ ဂလေဇာမိသားစုအနေနဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းကို ရောင်းချဖို့ စဉ်းစားနေတဲ့ အချက်ကို မီးမောင်းထိုးပြနေကြောင်း နာမည်ကြီး သတင်းဌာနတစ်ခု ဖြစ်တဲ့ Daily Mail သတင်းဌာနက ဖော်ပြ ရေးသားထားပါတယ်။ နာမည်ကြီး သတင်းထောက်တစ်ဦး ဖြစ်သူ Steave Dave ကလည်း စူပါလိဂ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကြိုးစားခဲ့တဲ့ အင်္ဂလန်အသင်းကြီး ၆သင်းထဲက တစ်သင်းရဲ့ ပိုင်ရှင်ဟာ သူ့ရဲ့အသင်းကို ပြန်လည် ရောင်းချတော့မှာ ဖြစ်ကြောင်း ဆိုနေတာကြောင့် ဂလေဇာမိသားစုနဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ လမ်းခွဲကို မကြာမီမှာ မြင်တွေ့ရဖွယ် ရှိနေပါတယ်။

The post စူပါလိဂ်ဂယက်ကြောင့် မန်ယူအသင်းကို ရောင်းချဖို့ စဉ်းစားနေတဲ့ ဂလေဇာမိသားစု appeared first on MySport Myanmar.