မန်ချက်စတာယူနိုက်တက်အသင်းကတော့ ပြီးခဲ့တဲ့တစ်ပတ်မှာ ရီးရဲလ်ဆိုစီဒက်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရတဲ့ ယူရိုပါလိဂ် (၃၂)သင်းအဆင့် ရှုံးထွက်ပထမအကျော့ပွဲစဉ်မှာ (၀-၄) ရလဒ်နဲ့ ပြတ်ပြတ်သားသား အနိုင်ရခဲ့တာကြောင့် ဒုတိယအကျော့မှာ အသင်းရဲ့ အမာခံကစားသမားတွေကို အနားပေးပြီး အရန်ကစားသမား လူငယ်ကစားသမားတွေနဲ့ ပွဲထွက်လာဖွယ် ရှိနိုင်တယ်လို့ ယူဆခဲ့ကြပေမယ့်လည်း တကယ်တမ်းမှာတော့ ယူနိုက်တက် ဘရူနိုဖာနန်ဒက်စ်အပါအဝင် ဝမ်ဘစ်ဆာခါ ဖရက် မာစီယဲလ်တို့လို အမာခံကစားသမားတွေကို အသုံးပြုသွားခဲ့ပါတယ်။

Photo Credit : Daily Mail

ယူနိုက်တက်အသင်းဟာ မနေ့ညက ပွဲစဉ်အတွင်း အသင်းရဲ့ အဓိကကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်ကို ပွဲထွက်ကစားသမားအဖြစ် ထည့်သွင်းလာခဲ့ရုံမကပဲ အသင်းခေါင်းဆောင်တာဝန်ကိုပါ ပေးအပ်ထားခဲ့ပါသေးတယ်။ အသက်(၂၆)နှစ်အရွှယ်ရှိ ပေါ်တူဂီလက်ရွေးစင် ကွင်းလယ်လူ ဖာနန်ဒက်စ်ဟာ ဇန်နဝါရီ (၁၃)ရက်နေ့က ဘန်လေနဲ့ ကစားခဲ့ရတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၁)ပွဲကျန်ပွဲကနေ စတင်ပြီး ပြိုင်ပွဲစုံ(၁၃)ပွဲဆက်တိုက် အသင်းအတွက် ပါဝင်ကစားခဲ့ရပြီး တစ်ပွဲမှကို အနားမယူခဲ့ရတာဖြစ်ပါတယ်။ အခုလည်း အသင်းအတွက် အရေးမပါတော့တဲ့ ပွဲစဉ်အတွင်းမှာ အသင်းရဲ့ ပွဲထွက်လူစာရင်းအတွင်း ဖာနန်ဒက်စ်ကို ထပ်မံထည့်သွင်းလာခဲ့တဲ့အတွက် ဒီဖြစ်ရပ်အပေါ် အံ့အားသင့်ခဲ့ရတယ်လို့ ဂယ်ရီနဖီးလ်က သူရဲ့တွစ်တာပေါ်ကနေ ရေးသားဖော်ပြသွားခဲ့ပါတယ်။

Photo Credit : Daily Mail

ဒီနှစ်ဘောလုံးရာသီမှာ ယူနိုက်တက်အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြသနေသလို သွင်းဂိုးအများဆုံး သွင်းယူပေးထားနိုင်တဲ့ ဖာနန်ဒက်စ်ဟာ သူကိုယ်တိုင် အသင်းရဲ့ပွဲစဉ်တွေအတွင်း ပါဝင်ကစားရခြင်းမရှိပဲ အနားယူနေရခြင်းအပေါ် မနှစ်သက်တတ်သူဖြစ်လို့ အသင်းနည်းပြ ဆိုးလ်ရှားကိုယ်တိုင် အသင်းရဲ့ပွဲတိုင်းနီးပါးမှာ ဖာနန်ဒက်စ်ကို ထည့်သွင်းအသုံးပြုနေရတာဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ ဆိုစီဒက်နဲ့ ယူရိုပါလိဂ် ဒုတိယအကျော့ ပွဲစဉ်အပြီး လာမယ့်တနင်္ဂနွေနေ့မှာ နည်းပြသစ် သောမတ်စ်တူဟယ်လ်လက်ထက် လုံးဝရှုံးပွဲမရှိသေးတဲ့ ချယ်လ်ဆီးအသင်းနဲ့ ပရီးမီးယားလိဂ် ပွဲကျပ်ပွဲစဉ်တစ်ပွဲကို ဆက်တိုက်ကစားရမှာလည်း ဖြစ်တဲ့အတွက် အသင်းပရိသတ်တွေက ဆိုစီဒက်နဲ့ ပွဲစဉ်အတွင်း အသင်းရဲ့ အဓိက ကစားသမားတွေကို အနားပေးသွားစေချင်တာဖြစ်ပါတယ်။ မနေ့ညက ပွဲစဉ်မှာတော့ ဂိုးမရှိသရေနဲ့ အဆုံးသတ်ခဲ့ရတဲ့အတွက် (၂)ကျော့ပေါင်းရလဒ် (၄)ဂိုး ဂိုးမရှိနဲ့ ယူနိုက်တက်အသင်းက အနိုင်ရခဲ့ကာ (၁၆)သင်းအဆင့်ကို တတ်လှမ်းသွားခဲ့ရပြီး ယူရိုပါလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်စားလို့နေပါတယ်။

The post ဆိုစီဒက်နဲ့ ဒုတိယအကျော့ပွဲမှာ ဖာနန်ဒက်စ် ထပ်မံပါဝင်လာခြင်းအပေါ် အံ့အားသင့်ခဲ့ရတဲ့ ဂယ်ရီနဖီးလ် appeared first on MySport Myanmar.